Connect with us

MYANMAR

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ နှင့် KNU အဖွဲ့ တို့ video conferencing ဆွေးနွေး

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ နှင့် KNU (Karen National Union) အဖွဲ့တို့ video conferencing ဖြင့် ဆွေးနွေးကြစဉ် (ဓါတ်ပုံ NRPC)

နေပြည်တော်၊ မေ ၁၁ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်  ညှိနှိုင်း ပူးပေါင်းရေးကော်မတီနှင့် KNU (Karen National Union) အဖွဲ့တို့သည် online ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ၌ COVID-19 ထိန်းချုပ်ရေး၊ COVID-19 ကုသရေး၊ တစ်ဘက်နိုင်ငံမှ ပြန်ဝင်လာသူများ ကိစ္စနှင့် ရွှေ့ပြောင်း လုပ်သားများ ကိစ္စ၊ နိုင်ငံတကာ အကူအညီ၊ ထိတွေ့လူနာ ရှာဖွေရေး ကိစ္စနှင့် အထွေထွေ ကိစ္စများ ဟူ၍ ခေါင်းစဉ် ခြောက်ခုတို့ကို ဆွေးနွေးခဲ့ကြကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင် (MPC) အကြံပေး၊ ပြည်ထောင်စု ငြိမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးလှမောင်ရွှေက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ညှိနှိုင်းရေး ကော်မတီဘက်မှ ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးမိုးဇော်ဦးနှင့် အဖွဲ့ က ရန်ကုန်မြို့ရှိ NRPC ရုံးမှ လည်းကောင်း၊  ကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက နေပြည်တော် ရုံးမှ လည်းကောင်း KNU ဘက်၌ KNU အထွေထွေ အတွင်းရေးမှူး ဖဒိုတာဒိုမူး ဦးဆောင်သည့် အဖွဲ့ဝင် ကိုးဦး တို့က ယင်းတို့ဒေသများမှနေ၍ လည်းကောင်း video conferencing ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်  ညှိနှိုင်း ပူးပေါင်းရေးကော်မတီ နှင့် KNU (Karen National Union) အဖွဲ့တို့ video conferencing ဖြင့် ဆွေးနွေးကြစဉ် (ဓါတ်ပုံ NRPC)

“ဒီနေ့ဆွေးနွေးပွဲက မျှော်လင့်ထားတာထက် ပိုကောင်းပါတယ်၊ ထူးခြားတာကတော့ COVID-19 ကာလနဲ့COVID-19 အလွန်ကာလတွေမှာ ကရင်ပြည်နယ်နဲ့ဆက်စပ်ပြည်နယ်တွေရဲ့ လူမှု စီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေကို အကျယ်တဝင့်ဆွေးနွေးနိုင်တဲ့အချက်ပါ၊ နောက်ပြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ မြန်မာ့ တပ်မ တော်နဲ့ KNU နှစ်ဘက်တပ်တွေ မတော်တဆ ထိတွေ့မှုတွေ ရှောင်ရှားနိုင်ဖို့လည်း ဆွေးနွေး ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိရာ ဒေသများတွင် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ၂၇ ရက်တွင် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့သည့် အဆိုပါ ညှိနှိုင်းရေး ကော်မတီသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူချက် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့(EAOs) နှင့် ပြီးခဲ့သည့် ဧပြီ ၈ ရက်၌ COVID-19 ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ဧပြီ ၁၂ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း နှင့် ကျန် EAO အဖွဲ့များနှင့်လည်း တစ်ဖွဲ့ချင်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)