Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှာခေါင်းစည်းမတပ်ပါက အရေးယူမှုများ ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိ

နှာခေါင်းစည်းနှင့် ဈေးရောင်းနေသူ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့တွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများပြားလာသည့်အတွက် နှာခေါင်းစည်းမတပ်ပါက အရေးယူမှုများ ဆောင်ရွက်သွားရန်စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ COVID-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြန်ကြားရေးဒုတိယဥက္ကဋ္ဌနော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

၎င်းက  “မနေ့က COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ အစည်းအဝေးလုပ်ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ကလည်း နှာခေါင်းစည်းမတပ်ကြတဲ့အကြောင်းကိုတင်ပြကြတယ်။  အထူးသဖြင့် ဈေးတွေ၊ အပြင်တွေမှာ နှာခေါင်းစည်းမတပ်ရင် အရေးယူမယ် ဆိုပြီး ဆွေးနွေးကြတယ်။ ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ဝန်ကြီးဦးနိုင်ငံလင်း၊ ဝန်ကြီးဒေါ်မို့မို့စုကြည်တို့ က ဒေသန္တရ အမိန့်တွေ ကို အသေးစိတ်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒဏ်ငွေ ဘယ်လောက် ဆိုတာ မျိုးကို ဒေသန္တရ အမိန့် ထုတ်ဖို့ဆွေးနွေးကြတာပါ” ဟု ယနေ့ မေ ၁၁ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ပြည်သူများပေါ့ဆလာမှုအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကလည်း “ပေါ့တဲ့လူတွေ ကို ပြောချင်တာက နိုင်ငံတကာဖြစ်စဉ် တွေ ကိုပြန်ကြည့်ရင် ၁၅ ရာခိုင်နှုန်းက ဆေးရုံမှာ ကုသမှုလိုတဲ့ အနေအထား၊ ပြန်ကောင်းတာ က ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်။ ၅ ရာခိုင်နှုန်းက စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ၂ကနေ ၅ ရာခိုင်နှုန်းက သေနိုင်တယ်ပေါ့။ လူကြီးလူငယ်မရွေးဖြစ်တယ်။ အသက်ကြီးသူနဲ့ နာတာရှည် ရောဂါဖြစ်သူတွေ က ပိုပြီးသေနှုန်းမြင့်မားတယ်။  လူငယ်တွေ ထဲမှာ သေတဲ့ သူရှိတယ်။ဒီCOVID-19 ရောဂါက ရောဂါအသစ်ဖြစ်တယ်။ ဘယ်သူဖြစ်မယ် ဆိုတာ မသိရဘူး။ ဒါကြောင့် မပေါ့ကြပါနဲ့ နှာခေါင်းစည်းတပ်ကြပါလို့ ပြောချင်ပါတယ်” ဟု သတိပေးတိုက်တွန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက်က “ရန်ကုန်မှာ နှာခေါင်းစည်းမတပ်ကြတဲ့ သူတွေ ကိုမြင်နေရတယ်။ လူတွေ က COVID-19 ရောဂါတွေ့တာနည်းသွားလို့ မပေါ့ဆစေချင်ဘူး။ စိတ်အလိုလိုက်လို့ မတပ်သူတွေရှိသလို၊ တစ်ချို့ကတော့ ငွေကြေးမတတ်နိုင်လို့ မတပ်ကြသူတွေ လည်းရှိတယ်။ တစ်ချို့ ကတော့ မကြောက်တာပေါ့ ။ လာမယ့် ဇွန်၊ ဇူလိုင်၊ သြဂုတ်က ကျွန်တော်တို့နိုင်ငံအတွက် အခြေအနေတွေ အများကြီး ပြောင်းသွားနိုင်တယ်။ မိုးတွင်းက ရာသီတုပ်ကွေးရှိတယ်။ အေးတော့ လူတွေ ကခုခံ အားကျတတ်တယ်။ ဒါကြောင့် မပေါ့ကြပါနဲ့ လို့ပြောချင်ပါတယ်’’ ဟု ဆိုသည်။ (Xinhua)