Connect with us

MYANMAR

ယနေ့ COVID-19ရောဂါ အတည်ပြုလူနာ ၇၀ဦးတွေ့ရှိ၊ ငါးလအတွင်း စစ်ဆေးတွေ့ရှိမှု အများဆုံးဖြစ်

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင် သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက် (၈)နာရီတွင် COVID-19ရောဂါ အတည်ပြုလူနာ (၇၀)ဦးတွေ့ရှိပြီး ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှ ငါးလအတွင်း ယနေ့စစ်ဆေးတွေ့ရှိမှုသည် အရေအတွက်အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု စုစုပေါင်း (၈၂၅)ခုအား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ နံနက် ၈နာရီထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိကြောင်း သိရသည်။ ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။( Xinhua)