Connect with us

MYANMAR

တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းများ ယာယီပြန်ပိတ် 

ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဇူလိုင် ၂၁ ရက်က ကျောင်းအဝင်ဝတစ်ခု၌ ကိုယ်ပူချိန်တိုင်း စစ်ဆေးမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဩဂုတ် ၂၇ ရက်မှ စတင်၍ ယာယီပြန်လည်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။ 

“အခြေခံပညာအထက်တန်းကျောင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်လိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါက COVID-19 ဗဟိုကော်မတီကနေ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေ အားလုံးနဲ့ ပညာရေး ဝန်ကြီးဌာနကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတစ်ဆင့် ကျောင်းတွေကို အကုန်လုံးကို ခြုံမိအောင် တိုင်းပညာရေးမှူးတွေကို အသိပေးပြီးတော့ တိုင်းပညာရေးမှူးတွေကတဆင့် အကုန်လုံးကို အသိပေးထားတာ ဖြစ်ပါတယ်။COVID-19 အခြေအနေအပေါ် မူတည်ပြီးတော့ ကျောင်းဖွင့်ရတယ်။ ပိတ်ရတယ်ဆိုတော့ COVID-19 အပေါ်မှာပဲ မူတည်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်းအား ဩဂုတ် ၂၇ ရက်မှ စတင်၍ ယာယီပိတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆင်ဟွာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။ 

“COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ပေါ့။ ကျွန်တော်တို့ ယာယီပိတ်မှာပါ။ ကျွန်တော်တို့ကို အခြေခံပညာ ဦးစီးဌာနကနေပြီးတော့ အကြောင်းကြားလာတာပါ။ မနက်ဖြန်ကစပြီး ယာယီပိတ်ပါမယ်။ ဘယ်လောက်ထိ ပိတ်မယ်ဆိုတာတော့ ညွှန်ကြားချက်ထဲမှာ မပါသေးပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

 ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ဩဂုတ် ၂၁ ရက်ထိ တစ်လတာအတွင်း အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၆,၅၂၆ ကျောင်း ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း နှင့်  ယခုအခါ အဆိုပါ အခြေခံပညာအထက်တန်းကျောင်းများအားလုံးကို ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဩဂုတ် ၂၅ ရက် တစ်ရက်ထဲတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၀ ဦး တွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၅၇၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)