Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 ရောဂါတွေ့ရှိမှုနှုန်း ၅ ဒဿမ ၆ ရာခိုင်နှုန်း၊ သေဆုံးနှုန်း ၂ ရာခိုင်နှုန်းကျော်ရှိ

နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ယနေ့တွင် COVID-19 အတည်ပြုလူနာသစ် ၁၃၅၂ ဦးရှိသဖြင့် ပိုးတွေ့ရှိမှုနှုန်း ၅ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး သေဆုံးလူနာ ၂၅ ဦးရှိသောကြောင့် သေဆုံးသည့်ရာခိုင်နှုန်းမှာ ၂ ဒဿမ ၀၉ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှသိရသည်။

“ကျွန်မတို့နိုင်ငံမှာ COVID-19 ရောဂါကြောင့် နေ့စဉ် သေဆုံးတာဟာ ၂ ရာခိုင်နှုန်းဝန်းကျင်ကနေ ၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒါက ဆရာဝန်တွေ သေချာကုသပေးနိုင်တဲ့အခြေအနေမို့ပါ။ အဲဒါကြောင့် ပြည်သူတွေကို ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေလိုက်နာဖို့ ပြောချင်ပါတယ်’’ ဟု ၎င်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀၇,၂၁၅ ဦးရှိပြီး၊ သေဆုံးသူစုစုပေါင်း ၂၂၄၅ ဦးရှိကြောင်း သိရသည်။ ဒီဇင်ဘာ ၁၂ ရက်တွင်ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၀၆၈ ဦးရှိပြီး၊ စုစုပေါင်း ဆေးရုံဆင်းခွင့်ရှိသူ ၈၅,၄၀၆ ဦးရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်မှ ၁၂ ရက်အထိ နေ့စဉ်စစ်ဆေးသော ဓာတ်ခွဲနမူနာအရေတွက်မှာ အနည်းဆုံး ၁၈,၅၄၁ ခုမှ အများဆုံး ၂၄,၀၉၉ ခုစစ်ဆေးခဲ့ကြောင်း၊ ပျမ်းမျှအရေအတွက်မှာ ၂၁,၆၇၇ ခုရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား ပိုမိုတိကျစွာ လိုက်နာဆောင်ရွက်မှသာ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။ (Xinhua)