Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပိုး တွေ့ရှိမှု ၅ ရက်ဆက်တိုက် ၅၀၀ ကျော်မှ ၇၀၀ ကျော်ကြားရှိ

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးတွင် ၅ ရက်ဆက်တိုက် COVID-19 ရောဂါပိုးတွေ့ရှိမှု အရေအတွက်မှာ ၅၀၀ ကျော်မှ ၇၀၀ ကျော်ကြားသာရှိပြီး ကိန်းဂဏန်းအရ တွေ့ရှိမှုနှုန်းလျော့နည်းသွားကြောင်း အလုံမြို့နယ်၊ လူထုအခြေပြုဖျားနာကုဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာဇေယျာထက်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

COVID-19 ရောဂါပိုးတွေ့ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီး၌ ဒီဇင်ဘာ ၆ ရက်တွင် ၅၉၅ ဦး၊ ဒီဇင်ဘာ ၇ ရက်တွင် ၆၂၃ ဦး၊ ဒီဇင်ဘာ ၈ ရက်တွင် ၇၂၃ ဦး၊ ဒီဇင်ဘာ ၉ ရက်တွင် ၇၇၆ ဦးနှင့် ဒီဇင်ဘာ ၁၀ ရက်တွင် ၆၈၆ ဦးတွေ့ရှိခဲ့ကြောင်း၊ ယခင်က ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ၁၀၀၀ ကျော်နှင့် ၉၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။

“လူနာတွေနည်းသွားတာ ဒေတာအရကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ဒေတာနည်းသွားလို့ ကျသွားတယ်လို့တော့ ပြောရခက်တယ်။ အခုက လူစည်ကားတဲ့ ပန်းခြံတွေ ပိတ်တယ်။ မပိတ်တဲ့နေရာတွေ သွားနေတာတွေတွေ့ရတယ်။ ဒီလိုကြောင့် Positive ဖြစ်ပြီး သေဆုံးပြီးမှ ရောက်လာသူတွေလည်း ရှိတယ်။ အခုသွားလာနေကြတာတွေနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်မလဲဆိုတာတော့ရှိပါတယ်။ ပိတ်ပြီး သွားလာနေကြရင် မထူးဘူးလို့မြင်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၃၇၆ ဦးတွေ့ရှိခဲ့ပြီး၊ ယနေ့ အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၀၅,၈၆၃ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယနေ့ သေဆုံးလူနာ (၁၉)ဦး ရှိပြီး ယနေ့အထိ သေဆုံးသူစုစုပေါင်း ၂၂၂၀ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

ယနေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း (၂၀,၉၂၉) ခုရှိပြီး ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၃၉၅,၀၈၈ ခုအားစစ်ဆေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ (Xinhua)