Connect with us

MYANMAR

COVID-19 လူနာသစ် ၁,၁၂၇ ဦး စစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၂၃ ဦးထပ်တိုး

ရန်ကုန်မြို့တွင်း နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၁၂၇ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၃ ဦးထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညထုတ်ပြန်မှုအရ သိရသည်။

ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီအချိန်မှ ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီအချိန်ထိ ဓာတ်ခွဲနမူနာ ၁၈,၅၆၄ ခုအား စစ်ဆေးခဲ့ရာတွင် COVID-19 လူနာသစ် ၁,၁၂၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၁,၃၈၉ ဦး နှင့် သေဆုံးလူနာ ၂၃ ဦး ရှိကြောင်း သိရသည်။

ယခုအထိ နိုင်ငံအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၃၇,၇၅၁ ခုကို စစ်ဆေးခဲ့ပြီးနောက် COVID-19 အတည်ပြု လူနာပေါင်း ၁၀၈,၃၄၂ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၈၆,၇၉၅ ဦး ၊ သေဆုံးလူနာပေါင်း ၂,၂၆၈ ဦးအသီးသီး ရှိလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးရေးအတွက် ဒီဇင်ဘာ ၁၅ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက် ၊ အမိန့် ၊ အမိန့်ကြော်ငြာစာ ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ)အား ဒီဇင်ဘာ ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ထားကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ယနေ့ အသိပေးကြေညာခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်၌ အထူးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားသည်။ (Xinhua)