Environment, Disasters & Accidents
ငလျင်ဘေး လျော့ပါးရေး အဖွဲ့ (ဗဟိုအဆင့်) ဖွဲ့စည်းရန် စီစဉ်လျက်ရှိ

နေပြည်တော်၊ ဇန်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ငလျင်ဘေးဒဏ်ခံနိုင်သည့် မြန်မာနိုင်ငံ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ပါဝင်သည့် ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်း ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း ပြန်လည် နေရာချထားရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက် ပြောကြားခဲ့သည်။
“ငလျင်ဘေးဒဏ် ခံနိုင်ငတဲ့ မြန်မာနိုင်ငံ ဖြစ်စေဖို့ဌာနအလိုက် ဆောင်ရွက်နေတာတွေ ရှိပေမယ့် အားလုံး စုပေါင်းပြီး ပိုမို ကောင်းမွန်တဲ့ ဆောင်ရွက်မှုဖြစ်လာစေဖို့ ကျွန်တော်တို့ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင် ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်းနဲ့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီတို့ ပါဝင်တဲ့ ဗဟိုအဆင့် မြေငလျင်ဘေး လျော့ပါးရေး အဖွဲ့အစည်း ဖွဲ့စည်းရန် စီစဉ် ဆောင်ရွက် လျက် ရှိပါတယ်” ဟု နေပြည်တော် Horizon Lake View ဟိုတယ်တွင် ယနေ့နံနက် ကျင်းပခဲ့သည့် ငလျင် ဘေးဒဏ် ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ရန် လိုအပ်ချက်နှင့် စိန်ခေါ်မှုများ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြော ကြားခဲ့ခြင်း ဖြစ်သည်။
ငလျင်ဘေးဒဏ်ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ရန် လိုအပ်ချက်နှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)
ငလျင်ဘေးဒဏ်ခံနိုင်သော မြန်မာနိုင်ငံ ဖြစ်ရန် လိုအပ်ချက်နှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် Horizon Lake View ဟိုတယ်တွင် ယနေ့နံနက် ကျင်းပစဉ် (ဆင်ဟွာ)
ထိုသို့ဖွဲ့စည်းနိုင်ရန် ဖွဲ့စည်းမည့် အဖွဲ့အမည်၊ ဖွဲ့စည်းသင့်သည့် ပုံစံ၊ ပါဝင်သင့်သည့် ဌာန၊ အဖွဲ့အစည်းနှင့် ပညာရှင်များ၊ ဦးစီး ဆောင်ရွက်မည့်ဌာန၊ အဖွဲ့၏ လုပ်ငန်း တာဝန်များ၊ ငွေကြေး ရရှိ သုံးစွဲမှု၊ ဖွဲ့စည်း တည် ထောင် မည့် နေရာ၊ အုပ်ချုပ် စီမံ ဆောင်ရွက်မည့် စနစ် စသည့် လိုအပ်ချက်များ အားလုံးကို ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးဖော်ထုတ်ကြမည်ဟု လည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျရာက်နိုင်သည့် သဘာ၀ ဘေး အန္တရာယ်ကြီးများအနက် ရေရှည်၌ ငလျင်ဘေးသည် အန္တရာယ် အကြီးဆုံး ဖြစ်မည်ဟု ပညာရှင်အများက ယူဆထားသည်ဟု သိရှိရကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးက ဖြည့်စွက်ပြောကြားခဲ့သည်။
လူမှုဝန်ထမ်း ပြန်လည် နေရာချထားရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနနှင့် UN-HABITAT တို့ပူးပေါင်း ကျင်းပသည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများမှ အရာရှိကြီးများ၊ ပညာရှင်များနှင့် UN-HABITAT မှ ဌာနေ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)