Connect with us

Environment, Disasters & Accidents

အမျိုးသား အဆင့် UN-REDD အစီအစဉ်သည် မြန်မာနိုင်ငံအတွက် အဓိက မိတ်ဖက် ဖြစ်သည်ဟုဆို

နေပြည် တော် Thingaha Hotel တွင် ယနေ့  နံနက် ပြုလုပ်ခဲ့သည့် အမျိုးသား အဆင့် UN-REDD မိတ်ဆက် ဖွင့်လှစ် ခြင်း အခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် ပါရီ သဘောတူညီချက်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး ဆောင်ရွက်ရာ ပါဝင်ကူညီရန် ကတိကဝတ်ပြုထားသည့် မြန်မာနိုင်ငံအတွက် နော်ဝေနိုင်ငံ အစိုးရ၏ အမေရိကန်ဒေါ်လာ ငါးသန်းခွဲကျော် ထောက်ပံ့မှု ဖြစ်သည့် (အမျိုးသား အဆင့် UN-REDD အစီအစဉ်) သည် အဓိက မိတ်ဖက်တစ်ခု ဖြစ်သည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့နံနက် က ပြောကြားခဲ့သည်။

“REDD+ အဆင်သင့် ဖြစ်မှုနဲ့ ဆက်စပ် အကျိုးကျေးဇူးတွေ ဂေဟစနစ် ဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးနိုင် ဖို့အမျိုးသားအဆင့် UN-REDD အစီအစဉ်ကြီး အချိန်မီ ရောက်ရှိလာတာကို အလွန်ပဲ ဝမ်းမြောက်မိပါတယ်၊ မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုကို ထိထိရောက်ရောက်တားဆီးဖို့နဲ့ သစ်တောတွေကို ကာကွယ် စောင့်ရှောက် နိုင်ဖို့ REDD+ ကို အကောင်အထည်ဖော်မယ်လို့ကတိကဝတ်ပြုထားပါတယ်၊ နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် ပါရီ သဘောတူညီချက်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးမှာလည်း ပါဝင်ကူညီဖို့ဆုံးဖြတ်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊ ဒီကတိကဝတ်တွေ ရည်မှန်းချက် တွေ ပြည့်မီရေးအတွက် UN-REDD အစီအစဉ်ဟာ အဓိက မိတ်ဖက်တစ်ခုလို့ပြောချင်ပါတယ်” ဟု နေပြည် တော် Thingaha Hotel တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သည့် အမျိုးသား အဆင့် UN-REDD မိတ်ဆက် ဖွင့်လှစ် ခြင်း အခမ်းအနားတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည် တော် Thingaha Hotel တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သည့် အမျိုးသား အဆင့် UN-REDD မိတ်ဆက် ဖွင့်လှစ်ခြင်း အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

UN-REDD အစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တောပြုန်းတီးခြင်း၊ သစ်တော အဆင့်အတန်း ကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း (Reducing Emissions from Deforestation and forest Degradation) ကို လုပ်ဆောင်နေသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး FAO, UNDO, UNEP တို့၏ အကူအညီ၊ နည်းပညာနှင့် ကျွမ်းကျင်မှုများ ရယူကာ လုပ်ဆောင်လျက်ရှိသည့် အစီအစဉ် ဖြစ် ကြောင်း၊ ၎င်း အစီအစဉ် အစပိုင်းတွင် ၂၀၁၅ – ၂၀၁၆ ခုနှစ် အတွက် Targeted Support Window မှ တစ်ဆင့် မြန်မာနိုင်ငံကို နည်းပညာ အကူအညီ စ ပေးခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံသည် REDD+ Readiness Management Arrangement လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

နေပြည် တော် Thingaha Hotel တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သည့် အမျိုးသား အဆင့် UN-REDD မိတ်ဆက် ဖွင့်လှစ်ခြင်း အခမ်းအနားတွင အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “ အခုဆိုရင် မြန်မာနိုင်ငံဟာ အမျိုးသားအဆင့် UN-REDD အစီအစဉ် ပံ့ပိုးမှုအနေနဲ့ REDD+ ကို အကောင်အထည်ဖော်ဖို့ ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အထိ စုစုပေါင်း ဘတ်ဂျက် အမေရိကန် ဒေါ်လာ ငါးသန်းခွဲကျော် ( ၅၅၅၄၃၇၀ ဒေါ်လာ) ရရှိထားပြီး ဖြစ်ပါတယ်၊ အမျိုးသားအဆင့် စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့နဲ့ သက်ဆိုင်ရာ နည်းပညာ၊ ဥပဒေရေးရာနဲ့ လူမှုရေး စနစ်တွေကို တည်ထောင်ပေး ဖို့ ဖြစ် ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကုန်းမြေဧရိယာ၏ ၄၃ ရာခိုင်နှုန်းခန့်သည် သစ်တောများ ဖုံးလွှမ်းနေသော်လည်း မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုနှုန်းသည် ကမ္ဘာ့နိုင်ငံများအတွင်း တတိယ အမြင့်ဆုံးဖြစ်ကြောင်း၊ သစ်ပင် ခုတ်လဲှခြင်း သို့မဟုတ် သစ်တော အတန်းအစား ကျဆင်းအောင် ပြုလုပ်ခြင်းများသည် ဖန်လုံအိမ် ဓာတ်ငွေ့ ကာဗွန်ဒိုင် အောက်ဆိုဒ်အား လေထုတွင်းသို့ ထုတ်လွှတ်စေပြီး ကမ္ဘာ့လေထု အပူချိန်ကို မြင့်တက်စေကာ ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း၊ ယခု အစီအစဉ်မှာ ကာဗွန် ထုတ်လွှတ်မှုများကို လျှော့ချစေသည့် အစီအစဉ်များ ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာန၏ သတင်းအချက်အလက်များအရ လွန်ခဲ့သော ဆယ်နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ် သစ်တော ပြုန်းတီးမှုနှုန်းသည် ၁ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၉၆ ရာခိုင်နှုန်းကြား ရှိခဲ့ပြီး ရွက်အုပ်ပိတ် သစ်တောမှ ရွက်အုပ်ပွင့် သစ်တောနှင့် အခြား တောအုပ်မြေများ အဖြစ် ပြောင်းလဲ သွားသည့်နှုန်းမှာ နှစ်စဉ် ၄ ဒသမ ၆၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၈၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အမျိုးသားအဆင့် UN-REDD အစီအစဉ် မိတ်ဆက်ပွဲသို့ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ UNDP မြန်မာမှ ဌာနေ ညွှန်ကြားရေးမှူး၊ FAO မြန်မာမှ ဌာနေ ကိုယ်စားလှယ်၊ NGO, CSO များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး UNDP Country Director Mr. Peter Batchelor နှင့် FAO Country Representative Ms. Xiaojie Fan တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.