Connect with us

Environment, Disasters & Accidents

နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ သုတေသနပြုစီမံကိန်း တစ်ခု  ဆောင်ရွက်ရန် ရှိ

၂၀၁၁ခုနှစ် မတ်လ ၂၄ ရက် က ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့တွင် ငလျင်လှုပ်ရှားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) 

နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ သုတေသနပြုစီမံကိန်း တစ်ခု  ဆောင်ရွက်ရန် ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင် ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ စက်တင်ဘာ ၄ ရက် တွင် ပြောသည်။

စီမံကိန်းထဲတွင် နေပြည်တော် အနီးတစ်ဝိုက် နှင့် ရန်ကုန်အနီးတစ်ဝိုက်  တွင် အင်အားပြင်းငလျင်တိုင်းစက်တပ်ဆင်ခြင်း၊ ၎င်းစက်မှ ရရှိလာသည့် အချက်အလက်များအား စုဆောင်း၍ ငလျင်ဘေးအန္တရာယ်ပြမြေပုံတွင် ထည့်သွင်းခြင်း၊ ဘေးအန္တရာယ် ခံနိုင်သည့် အဆောက်အအုံဆောက်လုပ်ခြင်းတို့အား ထည့်သွင်းဆောင်ရွက်ခြင်းဆိုင်ရာများ ပါဝင်ကြောင်း သိရသည်။ 

“အဲ့လိုဆောင်ရွက်ခြင်းအားဖြင့် ဒေသတွေရဲ့ ငလျင်ဖြစ်နိုင်ချေအလားအလာ၊ ငလျင်ဘေး၊ ငလျင် နဲ့ ပတ်သက်တဲ့ ဘေးအန္တရာယ်လျော့ပါးရေးအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ဒီစီမံကိန်းက ရလာတဲ့ သုတေသနပြုချက် တွေအရ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွေအတွက် များစွာ အထောက်အကူပြုနိုင်တယ်။ အကယ်၍ ငလျင်ဘေးကြုံခဲ့ပါက အရေးပေါ်တုန့်ပြန်မှု လုပ်ငန်းဆောင်ရွက်မှုတွေမှာလည်း များစွာ အထောက်အကူပြုနိုင်ပါတယ်။’’ ဟု ၎င်းကပြောကြားသည်။

အဆိုပါ စီမံကိန်း ၏ကာလ မှာ ၂၀၂၁ ခုနှစ် မှ ၂၀၂၅ခုနှစ်အထိ ၅ နှစ်ကြာမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စီမံကိန်းစမည်ဖြစ်ကြောင်းသိရသည်။

“အဲဒီသုတေသနပြုစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဌာနဖြစ်တဲ့ မိုးဇလ ကဦးဆောင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန (အိုးအိမ်ဦးစီးဌာန)၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊  မြန်မာနိုင်ငံငလျင်ကော်မတီ၊တက္ကသိုလ်တွေက  သုတေသန ဆောင်ရွက်သူများ နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ဖို့အတွက် စတင်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါစီမံကိန်း၏ ရှေ့ပြေးဧရိယာအဖြစ်ရန်ကုန်တိုင်းဒေသကြီး နှင့် နေပြည်တော် ရှိ နေရာတစ်ချို့တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်း တွင် ငလျင်နဲ့ ပတ်သက်သော ပညာပေးလုပ်ငန်းများလည်းပါဝင်မည်ဖြစ်ကြောင်း၊ ငလျင်ဘေးလျော့ပါးရေးလုပ်ငန်း နှင့် ကြိုတင်ပြင်ဆင်မှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

သုတေသနဆောင်ရွက်ခြင်းအားဖြင့် ကြိုတင်ခန့်မှန်း၍ မရသော သဘာဝဘေးစီမံကိန်း တွင် ဘေးအန္တရာယ်ပြ မြေပုံများ ရေးဆွဲထားနိုင်ခြင်းဖြင့် ငလျင်ဘေးလျော့ပါးရေးလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အရေးပေါ်တုန့်ပြန်ရေးဆောင်ရွက်ခြင်းများ အတွက် များစွာအထောက်အကူပြုနိုင်ကြောင်းဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.