Connect with us

Environment, Disasters & Accidents

ဖားကန့်၌ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိ တိုးလာ

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ ၃၃ဦးထိ တိုးလာကြောင်း ဖားကန့်မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ပျောက်ဆုံးစာရင်းကတော့ အတိအကျ ရနိုင်ဖို့ခက်တယ်၊ အဲဒီအနီး ဒေသခံတွေ ပြုစုတဲ့ စာရင်းအရ ၃၆ ဦးပေါ့” ဟု ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-MOI)

ကမ်းပါးပြိုကျသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ကယ်ဆယ်ရေးဆောင်ရွက်စဥ် (ဓာတ်ပုံ-MOI)

အဆိုပါ ပြိုကျမှုကြောင့် ပျောက်ဆုံးသူများအား သုံးရက်ကြာရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယနေ့ (သြဂုတ် ၁၆ ရက်) တွင်မူ သေဆုံးသူ ၃၃ ဦးအထိ ရှိလာကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ ၈လောင်း ထပ်ပေါ်တယ်။ မနက်ပိုင်းက ၇လောင်း၊ ညနေ ၁ လောင်းထပ်ပေါ်တယ်။ မနေ့က ၂၅ လောင်းဆိုတော့ ၃၃ လောင်းရှိပါပြီ” ဟု ဖားကန့်ဒေသခံ ကိုတာလင်းမောင်က ပြောသည်။

ယနေ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ညနေ ၄ နာရီတွင် ရပ်ဆိုင်းခဲ့ပြီး မနက်ဖြန်၌ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက် ရေကန်၌ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီကျော်က ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၃၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ (Xinhua)