Connect with us

Myanmar

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာရိုးရာလှေ အားကစားနည်းက ဆုတံဆိပ်များရရှိရန် ကြိုးပမ်းလေ့ကျင့်လျက်ရှိ (သတင်းဆောင်းပါး)

ရန်ကုန်မြို့၊ အင်းလျားကန်တွင် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်ပြင်ဆင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ညနေဆည်းဆာအချိန်တွင် အင်းလျားကန်ရေပြင်ပေါ်၌ China Aid စာတန်းပါ နဂါးခေါင်းလှေပေါ်၌ လှေလှော်အားကစားသမားများ မျက်နှာပေါ်တွင်ချွေးများသီးလျက် အားမာန်အပြည့်ဖြင့် လှေကိုလှော်ခတ်လျက်ရှိသည်။ ၎င်းတို့သည် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာရိုးရာလှေအဖွဲ့၏ ဆုတံဆိပ်များ ရရှိရန် ကြိုးပမ်းပြင်ဆင်နေသည့် မြင်ကွင်းဖြစ်သည်။

ရန်ကုန်မြို့၊ အင်းလျားကန်တွင် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်ပြင်ဆင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းလျားကန်တွင် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်ပြင်ဆင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းလျားကန်တွင် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်ပြင်ဆင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ အင်းလျားကန်တွင် မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်ပြင်ဆင်မှုကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာ့ရိုးရာလှေအဖွဲ့မှ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများသည် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပြီးကတည်း (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာလက်ရွေးစင် လှေလှော်အားကစားသမားတစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မလင်းလင်းကျော်က “ညီမအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဆုတွေလည်းရခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲအနေနဲ့ကတော့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် အတွေ့အကြုံရှိပြီး အဲဒီတုန်းက စတုတ္တအဆင့်နဲ့ ကျေနပ်လိုက်ရပါတယ်။ ၁၈ ကြိမ်မြောက်အားကစားပြိုင်ပွဲတုန်းက အတွေ့အကြုံတွေကို အခြေခံပြီး ပြင်ဆင်လေ့ကျင့်နေပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

မလင်းလင်းကျော်အနေဖြင့် တရုတ်နိုင်ငံ ကူးမင်းမြို့နှင့် ထိုင်ဝမ်တို့ကို ရောက်ရှိခဲ့ဖူးပြီး နိုင်ငံပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် သိချင်စိတ်များပြင်းပြလျက်ရှိသည်ဟု ဆိုသည်။

အာရှအားကစားပြိုင်ပွဲတွင် လှေလှော်အားကစားနည်း၌ အပြည်ပြည်ဆိုင်ရာလှေ၊ ကနူး/ကယက်နှင့် ရိုးရာလှေပြိုင်ပွဲ သုံးမျိုးစလုံးပါဝင်မည်ဖြစ်ပြီး မြန်မာလှေလှော်အဖွဲ့အနေဖြင့် ရိုးရာလှေပြိုင်ပွဲတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ သိရသည်။
အသက် ၃၁ နှစ် အရွယ်ရှိ မဝင်းဝင်းဖြိုးက “အာရှပွဲကို ဝင်ပြီးယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်နာကျင်တာတွေ၊ ပင်ပန်းတာတွေကို မေ့ပျောက်ပြီး ရွှေတံဆိပ်ဆု ရရှိအောင် အကောင်းဆုံးလေ့ကျင့် နေပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

မြန်မာလှေလှော်အဖွဲ့ ယှဉ်ပြိုင်မည့် ရိုးရာလှေ (နဂါးလှေ) အားကစားနည်းတွင် မီတာ ၂၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ ၅၀၀ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ မီတာ ၁,၀၀၀ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သူ ရွှေတံဆိပ်ဆုများရှင် အမျိုးသား ရိုးရာလှေ လက်ရွေးစင်အသင်း၏ တာဝန်ခံ နည်းပြဖြစ်သူ ဦးကံရွှေက “ကျွန်တော်ရဲ့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံတွေ၊ အောင်မြင်ခဲ့တဲ့နည်းစနစ်တွေနဲ့ လက်ရွေးစင်အသင်းကို လေ့ကျင့်ပြင်ဆင်ပေးနေပါတယ်။ ဒီပြိုင်ပွဲက အာရှအားကစားပြိုင်ပွဲဖြစ်တယ်။ တာဝန်ကြီးတာပေါ့။ ဒါကြောင့် ကျွန်တော့်အနေနဲ့ နည်းစနစ်မှန်မှန်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးနေပါတယ်” ဟု ဆင်ဟွာသို့ ပြောသည်။

လက်ရွေးစင် လှေလှော်အားကစားသမားများကို ရွေးချယ်ရာတွင် တစ်ဦးချင်း ခံနိုင်ရည်၊ သက်လုံ စတာတွေ အပေါ်အမှတ်များဖြတ်ပြီး ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၃၂ အရွယ်ရှိ မြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားတစ်ဦးဖြစ်သူ ကိုစောမိုးအောင်က “အာရှဂိမ်းကို သွားပြိုင်တဲ့အခါ သွားရောက်ယှဉ်ပြိုင်ရမယ့် နေရာဒေသရဲ့ ရေပြင်အခြေအနေ၊ ရေလမ်းကြောင်း အကျဉ်းအကျယ် အဲဒါတွေကတော့ ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှု ဖြစ်ပါတယ်။ အောင်နိုင်ဖို့ အတွက် စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ယှဉ်ပြိုင်သွားမှာပါ” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။
ပြိုင်ပွဲဝင်အားကစားသမားများ၏ အစားအစာနှင့် ကျန်းမာရေးကောင်းမွန်စေရန်ကိုလည်း ဂရုစိုက်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ အထင်ကရ ရှီးဟူရေကန် လှေလှော်အားကစားနည်းကို ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင်လှေလှော်အားကစားသမားတစ်ဦးဖြစ်သူ ကိုနိုင်လင်းဦးက “အဖွဲ့လိုက်ကစားရတဲ့ အားကစားနည်းဖြစ်လို့ ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာလည်း ယုံကြည်မှုရှိဖို့လိုတယ်။ အဲဒီအတွက် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ဖေးမ ကူညီပြီးကြိုးစားနေပါတယ်။ အကောင်းဆုံးဖြစ်မယ်လို့လည်းထင်ပါတယ်” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။
လှေလှော်အားကစားနည်းဖြစ်သောကြောင့် သက်လုံကောင်းရန်လည်း အရေးကြီးကြောင်း ကိုနိုင်လင်းဦးက ဆိုသည်။

မြန်မာရိုးရာလှေအဖွဲ့ကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်၍ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၅ ဦး၊ ကစားသမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦးဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သူ ရွှေတံဆိပ်ဆုများရှင် အမျိုးသမီး ရိုးရာလှေ လက်ရွေးစင်အသင်း၏ တာဝန်ခံ နည်းပြဖြစ်သူ ဦးအောင်လင်းက “အားကစားနည်းစနစ်မှာသာမက၊ ပြိုင်ပွဲမှာ ပြင်ဆင်ရမယ့်စိတ်ဓာတ်တွေ၊ ပြိုင်ပွဲမှာ ပြိုင်ဘက်ကို ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုလည်းလက်ရွေးစင်ကစားသင်ပြပေးဖြစ်ပါတယ်။ အောင်မြင်မှုအတွက် စိတ်ဓာတ်က ၁၀၀ ရာခိုင်နှုန်းလောက်ကို အရေးကြီးလို့ အဲဒါကို ထည့်သွင်းသင်ပြပေးဖြစ်တာပါ” ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

ယင်းအာရှအားကစားပြိုင်ပွဲမှတစ်ဆင့် အားကစားရွာတွင် အတူစား၊ အတူယှဉ်ပြိုင်ရသည့်အတွက် ယခုပြိုင်ပွဲမှ အာရှနိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ၊ အားကစားနည်းစနစ်များအပါအဝင် အတွေ့အကြုံကောင်းများကိုလည်း ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးအောင်လင်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာရိုးရာလှေအဖွဲ့သည် အောက်တိုဘာ ၂ ရက်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထွက်ခွါမည်ဖြစ်ပြီး၊ အောက်တိုဘာ ၄ ရက်၊ ၅ ရက်၊ ၆ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား စုစုပေါင်း ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)