Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်၊လားရှိုးမြို့အထွက်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၁ ဦးသေဆုံး၊ အခြားသူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရှိ

ရှမ်းပြည်နယ်၊ လားရှိုးမြို့အထွက် Denko ဆီဆိုင်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ကိုစိုးမင်းနိုင် FB)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့အထွက် Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ အခြားလူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဦးကြိုင်က ဆင်ဟွာကို ည ၇:၅၁ နာရီတွင် ဖြေကြားခဲ့သည်။

ဦးကြိုင်က “ဖြစ်ပွားတဲ့အချိန်ကတော့ ၅ နာရီ ဝန်းကျင်လောက်ပါ။ နာရီကို အတိအကျတော့မမှတ်မိဘူး။ ကျွန်တော်လည်း အုန်းကနဲ အသံကြားလိုက်တယ်။ ကားဘီးပေါက်တယ်ပဲ ထင်တာ။ အဲဒီအချိန်မှာ Denko ဆီဆိုင်နားက ဆိုင်တစ်ဆိုင်က Denko ဆီဆိုင်မှာ မီးလောင်ပြီဆိုပြီး သတင်းပို့တော့ ကျွန်တော်လည်း ချက်ချင်းထွက်လိုက်တာ။ လူနာအားလုံး ၁၅ ယောက်လောက်ပို့ဆောင်ခဲ့ရပြီး အိတ်စပရက်စ်ကားပေါ်မှာ ပါလာသူတစ်ဦးကတော့ မီးကျွမ်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟုပြောသည်။

သေဆုံးသူမှာ အိတ်စပရက်စ်ကားပေါ်တွင် အိပ်ပျော်နေပြီး ကားအလယ်တွင်ဖြစ်နေသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဆီဆိုင်ကြီးဖြစ်လို့ တောက်လျှောက်ပေါက်ကွဲလို့ထိတာပါ။ ဆိုင်ထဲမှာ Hijet တစ်စီးနဲ့ အိတ်စပရက်စ်ကားတစ်စီး ရှိပါတယ်။ အိတ်စပရက်စ်ကားကမူဆယ်-လားရှိုး-တောင်ငူ ခရီးသည်တင်ကားပါ။ အခုထိ ကူညီဆောင်ရွက်နေတုန်းပါပဲ” ဟု ၎င်းကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လားရှိုးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ၎င်းကဆိုသည်။
ဦးကြိုင်က “ဆီဆိုင်ဆိုတော့ မီးတောက်က တော်တော်ပြင်းတယ်။ ခက်ခဲမှုတော့ ရှိတာပေါ့ ။ လက်ရှိအနေအထားမှာ ဒီအတိုင်း ကယ်ထုတ်ထားတာ ၁၅ ယောက်လောက်ရှိပါတယ်။ ဖြစ်တာကဆီဆိုင်က ဝန်ထမ်း ၃ ယောက်၊ အိတ်စပရက်စ်ကားပေါ်ကလူတွေပါတယ်။ Hijet ကားပေါ်က ၂ ယောက်ပါတယ်။ မီးကျွမ်းသွားတဲ့ လူတစ်ယောက်ကလွဲပြီး အားလုံးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိသူများတွင် ဒဏ်ရာပြင်းထန်သူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
“ပြင်းထန်တာက ၃၊ ၄ ဦးလောက်ကတော်တော်ပြင်းထန်ပါတယ်။ ပရဟိတ အဖွဲ့ ၆ ဖွဲ့၊ ၇ ဖွဲ့လောက် လာပြီးကူညီကြပါတယ်။ မီးသတ်ကလည်း ချက်ချင်းရောက်လာပြီး အစွမ်းကုန်ငြှိမ်းသတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ၂ ယောက်ကယ်ဆယ်ခဲ့တယ်။ ပြည်သူလူထုတွေကလည်း လက်တွဲ ကူညီပေးခဲ့ကြပါတယ်” ဟု ဦးကြိုင်ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.