Connect with us

Myanmar

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၈.၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂.၅၅ သန်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၈.၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂.၅၅ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၂၆ ရက်နှောင်းပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်ကားလမ်း၊ ထုံးဘိုတိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ စိုင်းထင်လင်း မောင်းနှင်လာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် အဆိုပါမော်တော်ယာဉ်ပေါ်မှ ပြောင်းဆံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၈.၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂.၅၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခိုင်းသူ အပါအဝင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်လာသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)