Connect with us

Politics, Law & Military

နိုင်ငံခေါင်းဆောင်များက မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီဗန်ထီးယူ ၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယနေ့ ဧပြီ ၁၇ ရက်တွင် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများအား ပြည်သူများသို့ အသီးသီး ပြောကြားခဲ့ကြသည်။ 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ယခုနှစ်အတာသင်္ကြန်တွင် လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြသည်ကို များစွာစိတ်မကောင်း ဖြစ်ရကြောင်း ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြသည့် ဝန်ထမ်းများ၊ မိမိတို့၏ စေတနာဆန္ဒအရ လှူဒါန်းကြသော အလှူရှင်များ ၊ ပူးပေါင်း ပါဝင်ကြသော အရပ်ဘက်အဖွဲ့အစည်းများ ၊ ဝိုင်းဝန်းပံ့ပိုးကြသော အသိပညာရှင် အတတ်ပညာရှင်များ ၊ ထောက်ပံ့ကူညီကြသော မီဒီယာများ ၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို တိကျစွာ လိုက်နာကြသော နိုင်ငံသူနိုင်ငံသားများ စသည့် လူထုလူတန်းစား အလွှာအသီးသီးက မိဘ ပြည်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့သော ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကိုယ်စီ ရှိကြသည့် အတွက် အားလုံး အတူတကွ စည်းလုံး ညီညွတ်စွာဖြင့် တုံ့ပြန်ဖြေရှင်းကြရန် မေတ္တာရပ်ခံကြောင်း ဦးစွာ ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် ယခုလို လတ်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ရောဂါဆိုးနှင့် စပ်လျဉ်းပြီး ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ ကြိုတင်ပြီး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း ၊ တစ်ဖက်တွင်လည်း မိဘပြည်သူများ၏ ဆန္ဒ မျှော်လင့်ချက်တို့နှင့် တစ်ထပ်တည်းကျသော နိုင်ငံတော်အစိုးရ၏ ဦးတည်ချက် ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး ၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယတို့ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က “ဒီနေ့ဟာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် နှစ်သစ်သို့ ခရီးဆက်ကြ ရမှာ ဖြစ်ပါတယ်။ ထိုနည်းတူနိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်များဖြင့် နှစ်သစ်ဆီ ချင်းနင်း ဝင်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။

 

ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ပြင်းပြတဲ့ဆန္ဒ၊ မလျှော့တဲ့ဝီရိယ၊ ခိုင်မာတဲ့စိတ်ဓာတ်တို့နဲ့ ကြိုးစားလုပ်ကိုင်လျက် ခရီးဆက်ကြရမှာဖြစ်ပါတယ်။ နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နှစ်သစ်မှာ ပိုမိုကောင်းမွန်အောင် ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကံကြမ္မာအလှည့် အပြောင်းကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိကြတဲ့ မိဘပြည်သူများကလည်း အခွင့်အရေးရတုန်းရခိုက် နိုင်ငံတော်အစိုးရနဲ့ အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန် အလေးအနက် ပန်ကြားအပ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

 ဒုတိယ သမ္မတ ဦးမြင့်ဆွေအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar President Office) 

 

ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယခုလိုကောင်းမြတ်သော မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စိုးရိမ်ကြောင့်ကြနေရသည့် COVID-19 ရောဂါကို ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ၊ မည်သို့သော အခက်အခဲတွေ ကြုံတွေ့ရသည်ဖြစ်စေ ပြည်သူတစ်ရပ်လုံး၏ စုပေါင်းစွမ်းအားနှင့် ကျန်းမာရေး အသိရှိရှိ၊ စည်းကမ်းရှိရှိ၊ စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူအား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar President Office)  

ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူက နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် COVID-19 ရောဂါ မကူးစက်ရအောင် မိမိတို့နေအိမ်များတွင် နေထိုင်ကြရင်း မိမိတို့စိတ်ထဲတွင် စွန်းထင်းနေသော နှစ်ဟောင်းက အညစ်အကြေးများကို စိတ်ဖြင့် ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ နှစ်ဟောင်း၏ ဖြစ်ရပ်များက သင်ခန်းစာယူပြီး COVID-19 ရောဂါ ဆက်လက် မပြန့်ပွားရအောင် ကိုယ်စီကိုယ်စီက နားလည်ခိုင်မာသော စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံပြီး ၁၃၈၂ ခုနှစ် မြန်မာနှစ်သစ်ကို တက်ကြွသော အားမာန်များဖြင့် လက်ကမ်းကြိုဆိုကြပါစို့လို့လည်း တိုက်တွန်း ပြောကြားခဲ့သည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား တွေ့ရစဉ် (ဓာတ်ပုံ – ပြည်သူ့လွှတ်တော်) 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မိမိတို့လွှတ်တော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် ခေတ်စနစ် နှင့် လျော်ညီခြင်းမရှိသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများ ပြုလုပ်နေသကဲ့သို့ ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများနှင့် လူမှုစီးပွားဘဝကို ပိုမိုစိတ်ချလုံခြုံအောင် အကာအကွယ်ပေးနိုင်မည့် ဥပဒေများပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့်လည်း အဆိုပါ ကပ်ရောဂါဆက်လက်ပြန့်ပွား ကူးစက်မှုမရှိစေရေးအတွက် နိုင်ငံတော် အစိုးရက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် ရောဂါဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များကိုလည်း တိကျစွာ လိုက်နာပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအား တွေ့ရစဉ် (ဓာတ်ပုံ – အမျိုးသားလွှတ်တော်) 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူလူထုကြီးတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ငြိမ်းချမ်းသာယာ ဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ဥပဒေပြုကဏ္ဍမှ လွှတ်တော်အသီးသီးအနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သကဲ့သို့ တိုင်းရင်းသား ပြည်သူလူထုကြီး အနေဖြင့်လည်း “တာဝန်ကိုယ်စီရှိကြသည်”ဟု မှတ်ယူကာ ပြည်ထောင်စု စိတ်ဓာတ်ကိုအရင်းခံ၍ ကျရာကဏ္ဍမှ အနာဂတ်နိုင်ငံတော်သစ်အတွက် စုပေါင်းအင်အားဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်(ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကာလအတွင်း မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ဖြတ်သန်းခဲ့သည့် ဖြစ်စဉ်ပေါင်းများစွာထဲတွင် အောင်မြင်မှုများ ရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိကြကြောင်း ၊ နှစ်ကုန်ခါနီးတွင် မမျှော်လင့်ဘဲ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု မိမိတို့ ကြုံတွေ့ခဲ့ရကြောင်း ၊ ယင်းရောဂါကပ်ဘေးကြီးကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၊ မိဘပြည်သူများ၏ စည်းကမ်းတကျ နေထိုင် လုပ်ဆောင်မှုသည် ကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)