Connect with us

Politics, Law & Military

အကျဉ်းထောင်/စခန်းအသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသူ/သား ၂၄,၀၀၀ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

ယခင်နှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နိုင်ငံတော် သမ္မတ လွမ်းငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ လွတ်မြောက်လာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား /သူ ၂၄,၀၀၀ကျော်အား ယနေ့ ဧပြီ ၁၇ ရက်၌ နိုင်ငံတော် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်ဖြင့်လည်းကောင်း ၊ ပြည်သူလူထုနှစ်လုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ အကျဉ်းထောင်/စခန်းအသီးသီးရှိ အကျဉ်းသူ/သား ၂၄,၈၉၆ ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းခွင့်၌ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံခြားသား ၈၇ ဦးတို့လည်း ပါဝင်လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း သိရသည်။

ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အပြင် နိုင်ငံတော်သမ္မတ သည် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ များကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို (က) သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (လွတ်ရက်မရှိ) ပြစ်ဒဏ်သို့ပြောင်းလဲကျခံစေရန်၊ (ခ) နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်( ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရသေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲထားသူများ မပါ) (ဂ) ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်၊ (ဃ) ထောင်ဒဏ် နှစ် ၄၀ နှင့် အောက်ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် စသည်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)