Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုး ပါတီရေးရာ ကိစ္စများအပေါ် ပါတီ အထွေထွေ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး (USDP) ပါတီမှ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ -USDP)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီ၏ နှစ်စဉ် ပြုလုပ်ခဲ့သော ပါတီ ညီလာခံများသို့ ပါတီဥက္ကဌ ဖြစ်သူ ဦးသိန်းစိန်သည် သမ္မတ တာဝန် ထမ်းဆောင်သည့် အချိန်မှ စ၍ တက်ရောက်ခဲ့ခြင်း မရှိသည့်အပြင် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးများတွင် မည်သည့် ညွှန်ကြားချက် လမ်းညွှန်မှုမျှ မပေးခဲ့ဘဲ အဝေးမှ လမ်းညွှန်မှုလည်း မရှိကြောင်း ပြည်ခိုင်ဖြိုး ပါတီရေးရာ ကိစ္စများကို ယနေ့နေပြည်တော်ရှိ ပါတီဌာနချုပ်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး သတင်း မီဒီယာများအား ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပါတီအတွင်း တစ်စုံတစ်ရာ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ပါတီတွင်း အာဏာသိမ်း သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ၊ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်တွင် ပြည်ခိုင်ဖြိုး ပါတီ ရုံးချုပ်သို့ လာရောက်ခြင်းမှာလည်း ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များအား လာရောက် နှုတ်ဆက်ခြင်းသာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးပိုက်ထွေးတို့က သတင်းစာ ရှင်းလင်းပွဲတွင် တတ်ရောက်လာသော သတင်း မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် ဒုတိယဥက္ကဌ (ပူးတွဲ ဥက္ကဌ) ဦးဌေးဦးက ဦးဆောင်မည်ဖြစ်ပြီး လက်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပါတီတွင် ဗဟိုကော်မတီအဖွဲ့ဝင် အဖြစ် ရှိနေသေးကြောင်း တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုး ပါတီတွင်း အပြောင်းအလဲကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ပါဝင် ပတ်သက်ရှိနေသည်ဟု ဝေဖန် ပြောဆိုမှုများ ၊ ပြည်ခိုင်ဖြိုးပါတီတွင်း ထိပ်ပိုင်း ခေါင်းဆောင်များ အပြောင်းအလဲနှင့် ပတ်သက်၍ လာမည့် ရွေးကောက်ပွဲတွင် ထိခိုက်မှုများ ရှိနိုင်ကြောင်း စိုးရိမ် ဝေဖန်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)