Connect with us

Politics, Law & Military

၂၁ ရာစုပင်လုံတွင် ပါတီမူဝါဒ တင်သွင်းရန် ပြည်ခိုင်ဖြိုးပါတီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ပြည်ခိုင်ဖြိုးပါတီအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲတွင်ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

၂၁ ရာစု ပင်လုံညီလာခံတွင် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ သဘောထားများ တင်သွင်းနိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ( ပြည်ခိုင်ဖြိုး)ပါတီက ယနေ ့နံနက်တွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်၌ ပါတီ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌ ၊ သမ္မတဟောင်း ဦးသိန်းစိန်က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့် သွင်း ပြောကြားခဲ့သည်။

“ဒီကနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံတော်အစိုးရရဲ့ မကြာခင်ပြုလုပ်တောမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်များနဲ့ သဘောထားရပ်တည်ချက်များကို ဖော်ထုတ် ကြေညာနိုင်ဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို အလုပ်ရုံ ဆွေးနွေးပွဲကို ရည်ရွယ်ချက် သုံးချက်နှင့် ကျင်းပခဲ့ရာ ဆွေးနွေးပွဲ၏ ရလဒ်များမှ ပါတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒကို ချမှတ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့တင်သွင်းရေးမှာ ပထမ အချက် ဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ အပြီးတွင် အဆိုပါ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လက်တွေ့ကျကျ အထောက်အကူ ပြုနိုင်ရေးမှာ ဒုတိယ အချက် ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေး ပွဲသို့ရောက်ရှိလာသည့် ဆွေးနွေးချက်များကို မကြာမီ ကျင်းပတော့မည်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ညီလာခံ ၂၀၁၆ တွင် တင်ပြ ဆွေးနွေးကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးနှင့် ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် ပေါင်းစပ် ဆောင်ရွက်သွားနိုင်ရေးတို့သည် တတိယ အချက် ဖြစ်ကြောင်းလည်း ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးကျင်းပနေစဉ်(ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ယခုကဲ့သို့ပြောခဲ့သည်။“ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနဲ့ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီတူအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို အာမခံပေးနိုင်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စ၊ ဒါတွေကလည်း အရေးပါတဲ့ကိစ္စတွေဖြစ်ပါတယ်၊ ဒါအပြင် နိုင်ငံတော်အုပ်ချုပ်ပုံစနစ်ကိုလည်း ဒီမိုကရေစီကျင့်စဉ်တွေကို မြို့နယ်အဆင့် အုပ်ချုပ်ရေးမှ အစိုးရအုပ်ချုပ်ရေး အသွင်ကနေ ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို ပီပီပြင်ပြင်နဲ့ ရောက်ရှိအောင် ဆောင်ရွက်သွားနိုင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်တဲ့ အပိုင်းမှာ ပြင်ဆင်သွားရမှာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ထို့အပြင် ၎င်းက “အခုနက ကျွန်တော်ပြောတဲ့ ဖက်ဒရယ် စနစ်ဆိုတာ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်မယ့် ဟာမျိုး။ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့သတိထားပြီး လုပ်ကြရမယ့် ကိစ္စဖြစ်ပါတယ်၊ အဲဒီတော့ ဖက်ဒရယ်စနစ် ပြည်ထောင်စုစနစ်ကိုလည်း ပါတီအနေနဲ့ ထူထောင်ပေးမယ်၊ နောက် ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခြေအနေအချိန်အခါနဲ့ ပြင်ကြရမှာပါ။ တစ်သတ်မှတ်တည်း ဒါကို ကျောက်စာလို ထွင်းထားတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ကမ္ဘာပေါ်မှာမရှိပါဘူး”ဟုလည်း သမ္မတဟောင်းက ပြောခဲ့သည်။

သြဂုတ်လ တတိယအပတ်တွင် ပြုလုပ်မည့် ပြည်ခိုင်ဖြိုးပါတီ ၏ ပါတီညီလာခံ ၂၀၁၆ တွင် ပါတီ၏ မူဝါဒ သဘောထားများကို အတည်ပြုပေးနိုင်ရေးအတွက် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် အားလုံးက ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးဖို့လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။(Xinhua)