Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး ပါတီအနိုင်ရပါက ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နိုင်မည်ဟု ဆို 

ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အနိုင်ရပြီး အုပ်ချုပ်ရေး တာဝန်ယူခွင့် ရရှိပါက နိုင်ငံ့ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နိုင်မည်ဟု ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ယနေ့ပြောကြားခဲ့သည်။

နေပြည်တော်၊  ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးတွင် ယနေ့ ပြုလုပ်ခဲ့သည့်  သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး “ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့က ပြည်သူက ရွေးချယ် တာဝန်ပေးအပ် ခဲ့မယ် ဆိုရင် တိုင်းပြည်ကို အစိုးရဖွဲ့ပြီး တာဝန်ယူပြီး ပြည်သူကို အလုပ်အကျွေးပြုနိုင်မယ့် ပါတီကြီး ဖြစ်ပါတယ်။ ပါတီကြီးဖြစ်တဲ့အတွက် မိမိဖြစ်လာခဲ့ရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ကျနော်တို့ သေသေချာချာကျကျနန ပြင်ဆင်ပြီး စဉ်းစား စီမံဆောင်ရွက်ထားတာရှိပါတယ်။ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ အဲဒီ လုပ်ငန်း စဉ်တွေထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာလည်း ဦးစားပေးတစ်ရပ် ဖြစ်တဲ့အတွက် ကျနော်တို့ တာဝန် ယူခဲ့ရမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ် လည်း ရှိပါ တယ်၊ လုပ်ဖို့လည်း အစီအမံတွေရှိပါတယ်၊ တာဝန်ယူခွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးကို လုံးဝ ရအောင် ကျနော်တို့ တာဝန်ယူဆောင်ရွက်နိုင်ပါတယ်လို့ ပြောလိုပါတယ်”ဟု ပြောကြားခဲ့သည်။

ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်များက မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် ဦးသိန်းထွန်းဦး(ပထမအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း)က  ငြိမ်းချမ်းရေး ရရှိဖို့ အတွက် အဓိကအချက်မှာ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမ ချင်း ယုံကြည်မှုရဖို့ လိုအပ်ပြီး ယုံကြည်မှုရအောင်လည်း သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက သဘောထားကြီးကြီးဖြင့် အစိုးရက ဖွင့် ပြီး NCA Framework ကို စတည် ဆွေးနွေးခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုအချိန်တုန်းကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ခန့်က NCA တွင်  လက်မှတ်ထိုးပြီးသားဖြစ်ခဲ့ သော်လည်း ယခု အစိုးရလက်ထက်၌ ပြည်ခိုင်ဖြိုး အစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်က အခြေအနေကောင်းပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးသွားကြောင်း၊ အစည်းအဝေးများ မခေါ်နိုင်ခြင်း၊ တိုက်ပွဲများ ပြန်ဖြစ်လာပြီး စစ်ဘေးရှောင်ပြည်သူများ များလာခြင်း၊ ငြိမ်းချမ်းနေသည့် အရိပ်အငွေများမှာ တဖြည်းဖြည်း စစ်မီးလျှံများ ပြန်ပေါ်လာကြောင်း၊ ယခု အစိုးရ လက်ထက်နှင့်် ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှစ်ခုကို နှိုင်းယှဉ် ကြည့်လျှင် သိနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့ အဖွဲ့လိုက် လုပ်ပိုင်ခွင့်တွေ ပေးနိုင်၊ မပေးနိုင်တဲ့အပေါ် လည်း မူတည်ပါတယ်၊ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ကာလက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင် ရွက်တဲ့အခါမှာ အောက်မှာ ရှိတဲ့အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုထိ ပေးထားခဲ့ဖူး တာကို လေ့လာသိရပါတယ်၊ လက်ရှိခေတ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ဆွေးနွေးတာပဲ ရှိပြီး ဆွေးနွေးမှုတွေမှာ ဆွေးနွေးရရှိလာတဲ့ အကြောင်းအရာတွေကို အဆုံးအ ဖြတ် ပေးနိုင်မယ့် သူဆီကို ပြန်သယ်တင်ပြနေရတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှုတွေရှိ တယ်လို့ သုံးသပ်တာတွေရှိလာပါတယ်၊  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အမှန်တကယ် အောင်မြင်ချင် တယ် ဆိုရင် နံပတ် (၁) အနေနဲ့ Mind-set တွေ ပြောင်းဖို့ လိုအပ်ပြီး နံပတ် (၂)က ဘုံသဘောတူညီ ချက်တွေ လုပ်ရမှာဖြစ်ပါတယ်၊ ဒါ့အပြင် နံပတ် (၃) အနေနဲ့ အဖွဲ့အစည်းအလိုက် လုပ်ပိုင်ခွင့်တွေ ပေးဖို့လိုအပ်မယ်” ဟုလည်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် မဲဆန္ဒနယ် ၃၂၀ နယ်၌ လွှတ်တော် ကိုယ်စားလှယ် လောင်း ၁,၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁,၁၂၉ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယခင် ယှဉ်ပြိုင်ဖူးသူ ၄၉၅ ဦး၊ အသစ် ၆၃၄ ဦးတို့ဖြစ်ကြောင်း၊ မဲဆန္ဒနယ် ၂၇ နေရာတွင် ယှဉ်ပြိုင်ခြင်း ပြုမည် မဟုတ်ကြောင်း၊ တိုင်းရင်းသား ဒေသခံပါတီများ၏ ပေါင်းစပ် ညှိနှိုင်းမှုအရ တိုင်းရင်းသား များ၏ ဆန္ဒသဘောထားကို အလေးထားပြီး မယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ ယခုယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများတွင် ဒေါက်တာဘွဲ့ရ ၆၀ ဦး၊ မဟာဘွဲ့နှင့် သစ်တောဘွဲ့ရ ၈၂၇ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၅၇ ရာခိုင်နှုန်း ပါဝင်ကြောင်း၊ တပ်မတော်သား အငြိမ်းစား ၈၈ ဦး (၇ ဒသမ ၇၉ ရာခိုင်နှုန်း) ပါဝင်သော် လည်း ယခုမှ အငြိမ်းစား ယူခြင်းမဟုတ်ဘဲ ယခင်ကတည်းက အငြိမ်းစားယူထားပြီးသူများ ဖြစ် ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117