Connect with us

Politics, Law & Military

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဌ ဦးဌေးဦး ပူးတွဲဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်မည်

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဌ/ ဥက္ကဌ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သူ သူရ ဦးရွှေမန်း ( ညာ) နှင့် လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဌ ပူးတွဲ တာဝန် ထမ်းဆောင်လိုက်သော ဦးဌေးဦး (ဘယ်) (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယနေ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ပြန်လည် ဖွဲ့စည်းရာ တွင် ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးအား ဥက္ကဋ္ဌ ပူးတွဲ တာဝန် ပေးအပ် လိုက်ပြီး ဥက္ကဌ တာဝန်များ ထမ်းဆောင်မည် ဖြစ်ကြောင်း ယင်းပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ အတည်ပြု ပြောကြားသည်။

ယခင်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း နေရာတွင် ပါတီအထွေထွေ အတွင်းရေးမှူး အသစ်အဖြစ် ဦးတင်နိုင်သိန်းကို တာဝန် ပေးအပ်လိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယ ဥက္ကဌ/ ဥက္ကဌ အဖြစ် ပူးတွဲ တာဝန်ယူထားသော သူရ ဦးရွှေမန်းသည် နိုင်ငံတော် အတွက် ကြီးလေးသော တာဝန်များ ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် အချိန်ပြည့် ထမ်းဆောင်နေရသူ ဖြစ်သည်။ ယခုအချိန်တွင် ပါတီ လုပ်ငန်းများကို ပိုမို ဖိဖိစီးစီး ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်သည့်အတွက် ပါတီဥက္ကဌ ၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒုတိယဥက္ကဌ/ ဥက္ကဌ ပူးတွဲ တာဝန်အား သူရ ဦးရွှေမန်း အစား ဒုတိယ ဥက္ကဌ ဦးဌေးဦး ထံသို့သြဂုတ် ၁၂ ရက်နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ပါတီ၏ တရားဝင် သတင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒုတိယဥက္ကဌ / ဥက္ကဌ ပူးတွဲတာဝန် အဖြစ် ဦးဌေးဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အတိုင်ပင်ခံများ ၊ ဒုတိယ ဥက္ကဌ ၊ ဗဟိုအကြံပေးများ ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြင့် ဆွေးနွေး ညှှိနှိုင်းချက်အရ ပါတီ စည်းလုံးညီညွှတ်ရေး နှင့် ပါတီကို လူကြီး ၊ လူလတ် ၊ လူငယ် တို့ဖြင့် ပြင်ဆင် ဖွဲ့စည်းရန် လိုအပ်ကြောင်း သုံးသပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ထိုကြောင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများအရ ထူးခြားသော အခြေအနေများ ပေါ်ပေါက်ပါက နိုင်ငံအကျိုး ၊ ပြည်သူ့အကျိုး ၊ ပါတီအကျိုး အတွက် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ၏ သဘောတူညီချက်ဖြင့် ဗဟိုအလုပ် အမှုဆောင် ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ပေးအပ်နိုင်သည့် လုပ်ပိုင်ခွင့်အရ လည်းကောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယနေ့ နံနက်ပိုင်းတွင် ပါတီ ခေါင်းဆောင်ပိုင်း နေရာများကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းရွေးချယ်ရန် အစည်းအဝေးတစ်ရပ်ကို ပါတီ ဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပြီး ပါတီဗဟို အလုပ်မှုဆောင် ကော်မတီကို အဖွဲ့ဝင် ၅၃ ဦး နှင့် ဖွဲ့စည်းလိုက်သည်။

ထိုကဲ့သို့ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သတ်၍ ယခင် ပါတီ၏ ဒုတိယဥက္ကဌ / ဥက္ကဌ အဖြစ် ပူးတွဲ တာဝန်ထမ်း ဆောင်ခဲ့သည့် သူရ ဦးရွှေမန်းသည် ပါတီဝင်အဖြစ် လည်းကောင်း ၊ ရွေးကောက်ပွဲတွင် ဖြူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အဖြစ်လည်းကောင်း ဆက်လက် ရှိနေမည် ဖြစ်ပြီး ယခုလက်ရှိ ဖွဲ့စည်းလိုက်သည့် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီတွင် ပြန်လည် ပါဝင်ခြင်း မရှိကြောင်း ၊ ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်မည်ဟု ပါတီဗဟို အတွင်းရေးမှူး ဦးပိုက်ထွေး ၊ ဒေါက်တာမောင်မောင်ဌေး နှင့် ဦးသန်းထွန်းတို့က ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်စုစုပေါင်း ၁,၁၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၂၀ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၆ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ ကိုယ်စားလှယ်လောင်း ၆၃၂ ဦး၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စား လှယ်လောင်း ၂၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ (Xinhua)