Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ရွေးကောက်ပွဲ ဝင်မည်မဟုတ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနား သတင်းစာရှင်းလင်းပွဲ (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန ်နှင့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုရေးပါတီ (USDP) မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်း က ယနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်အဖြစ် အမြဲရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဇဗ္ဗူသီရိမဲဆန္ဒနယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် ရန် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဦးမြတ်ဟိန်း အား နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် အဆိုပြုသဖြင့် ဦးမြတ်ဟိန်း ကို လျာထားပြီးဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းသည့် ရက်သည်လည်း နီးကပ်လာသဖြင့် နိုင်ငံတော် သမ္မတသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိင်မည် မဟုတ်ကြောင်း ပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က ပြောသည်။

အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သမ္မတနေရာအတွက် မည်သူကို ရွေးချယ်မည်ကို လက်ရှိတွင် ဆုံးဖြတ်ထားခြင်းမရှိဘဲ ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ပါတီဗဟိုကော်မတီ ဆုံးဖြတ်ချက်များဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းသည် သမ္မတအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်ခြင်းနှင့် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်လောင်းများက လွှတ်တော် အတွင်းမှ ဖြစ်စေ၊ လွှတ်တော်ပြင်ပ မှ ဖြစ်စေ တစ်ဦးဦးကို သမ္မတ နာမည်စာရင်း အဆိုပြုလျှင်လည်း သမ္မတ တာဝန်ထမ်းဆောင်နိုင်သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်သူ့ လွှတ်တော်နေရာ အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်း သည် ပဲခူးတိုင်း ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

တပ်မတော်မှ အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ရန် ပါတီအတွင်း ဝင်ရောက်လာသော တပ်မတော်သား ကိုယ်စားလှယ် ၅၉ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် ၁၉ဦး၊ အမျိုးသား လွှတ်တော်တွင် ၇ဦးနှင့် တိုင်းဒေသကြီးတွင် ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁,၁၄၇ နေရာ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် နေရာ ၃၉၀ အနက် ၃၂၀ နေရာ ၊ အမျိုးသား လွှတ်တော်နေရာ ၁၆၈ နေရာ အနက် ၁၆၆ နေရာ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် နေရာ ၆၅၂ နေရာ အနက် ၆၃၂ နေရာ နှင့် တိုင်းရင်းသားလူမျိုးစု နေရာ ၂၉ နေရာ စုစုပေါင်း ၁,၁၄၇ နေရာ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။
(Xinhua)