Politics, Law & Military
ပြည်ပ ကြွေးမြီ ဒေါ်လာသန်း ၈၇၀၀ ကျော် ပေးဆပ်ရန် ကျန်
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ချေးငွေ ဒေါ်လာသန်း ၈၇၀၀ ကျော် ပေးဆပ်ရန် ကျန်ရှိကြောင်းဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
“နိုင်ငံ ၊ အဖွဲ့အစည်း အလိုက် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပြည်ပချေးငွေ လက်ကျန်မှာ အမေရိကန်ဒေါ်လာ ၉၀၈၆.၇၉၆ သန်းဖြစ်ပြီး ပေးဆပ်ပြီးသည့် အရင်းငွေ ၃၄၄.၃၁၆ သန်းနှင့် အတိုးငွေ အမေရိကန် ဒေါ်လာ၂၂၇.၇၄၆ သန်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ပြောခဲ့သည်။
အဆိုပါ ချေးငွေများမှ ၂၀၁၅ – ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၉၀.၃၃၆ သန်း ထုတ်ယူ သုံးစွဲခဲ့ကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ ပေးရန်ရှိ ကြွေး ဒေါ်လာ ၉၀၈၆.၇၉၆ သန်းအနက် ၃၄၄.၃၁၆ သန်း ပေးဆပ်ပြီးဖြစ်၍ ၈၇၄၂.၄၈ သန်း၊ သို့မဟုတ် ၈.၇၄၂ ဘီလီယံ ပေးဆပ်ရန် ကျန်သေးကြောင်း ၎င်းက ပြောသည်။
အဆိုပါ ချေးငွေများသည် ငွေကြေး အမျိုးအစား အမျိုးမျိုးအလိုက် စာရင်းပြုစုထားပြီး ၂၀၁၆ မတ်လ ၃၁ ရက်နေ့ရှိ နိုင်ငံခြား ငွေလဲနှုန်းဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးဖြင့် တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ပြည်ပ ချေးငွေနှင့် ပတ်သက်သည့် အခြေအနေ အသေးစိတ် အချက်အလက်များကို ပြည်ထောင်စု အစိုးရ အဖွဲ့မှတစ်ဆင့် ပြည်သူ့လွှတ်တော် ရုံးသို့ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း ဒုတိယဝနကြီး ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ ပြည်ပ ချေးငွေဆိုင်ရာ မေးခွန်းကို ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပြီး မေးခွန်းတွင် ပါဝင်သည့် ပြည်ပ ချေးငွေ ပေးချေသည့် စနစ်များနှင့် ပတ်သက်ပြီး ဝန်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။
ချေးငွေ စာချုပ်တွင် ချေးငွေ သက်တမ်း၌ ဆိုင်းငံ့ကာလ ကိုပါ ထည့်သွင်းထားရာ ထိုဆိုင်းငံ့ကာလအတွင်း ချေးငွေ ထုတ်ယူ သုံးစွဲသည့် ပမာဏအပေါ်တွင်သာ ကျသင့်အတိုးကို ပေးရပြီး ဆိုင်းငံ့ကာလ ကုန်ဆုံးသည့်အခါ ကျသင့်အတိုးအပြင် အရင်းကိုပါ အရစ်ကျ ပေးဆပ်ရကြောင်း သိရသည်။ (Xinhua)