Politics, Law & Military
မိုဘိုင်းဖုန်းရောင်းဝယ်မှု၌ ကုန်သွယ်လုပ်ငန်းခွန်အပြည့် ပေးဆောင်ရမည်
နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
၂၀၁၉ ဇူလိုင်လ (၁)ရက်နေ့မှ စပြီး မိုဘိုင်းဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှု၌ ကုန်သွယ်လုပ်ငန်းခွန်အပြည့် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသန ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားခဲ့သည်။
“ဟန်းဆက်နဲ့ဆက်စပ်ပစ္စည်း ရောင်းချခြင်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းအတွက် ဝယ်သူကို ထုတ်ပေးတဲ့ ပြေစာမှာ အခွန်ပေးဆောင်ပြီးကြောင်း တံဆိပ်ခေါင်း ကပ် ရောင်းချစေတဲ့ အစီအစဉ်ကို ၂၀၁၉ ဧပြီ ၁ ရက်နေ့မှာ စတင် ကြေညာခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာ စခဲ့ပါတယ်၊ မိုဘိုင်းဖုန်း လုပ်ငန်းရှင်များရဲ့ တင်ပြချက်အရ ဟန်းဆက်အရောင်းပြေစာ ပေါ်မှာ မကပ်ဘဲ ဟန်းဆက်ဘူးတွေအပေါ်မှာ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချတာကို ၂၀၁၉ ဇူလိုင် ၁ ရက်နေ့မှာ စတင်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်၌ ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ မိုဘိုင်း လုပ်ငန်းရှင်များ အသင်း (MMIA:_ Myanmar Mobile Industry Association) ၏ ပထမအကြိမ် အသင်းသား စုံညီပွဲတော် တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ရောင်းချသည့်ဆိုင်များ၊ မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်သူ များအနေဖြင့် ဟန်းဆက်ဘူးခွံများပေါ်တွင် တံဆိပ်ခေါင်းများ ကပ်နှိပ်ရောင်းချကြရမည် ဖြစ်ကြောင်း၊ ဆက်စပ်ပစ္စည်း ရောင်းရငွေ၊ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်ခ ကျသင့်ငွေ၏ငါးရာခိုင်နှုန်းနှင့် ညီမျှသော တံဆိပ်ခေါင်း ကပ်နှိပ်ပေးပြီး ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ကောက်ခံရမည် ဖြစ်ကြောင်း၊ ငွေဖြည့်ကတ်ရောင်းချခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ထည့်သွင်းကောက်ခံရန် မလိုကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် အဖွင့် အအမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)
ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသန ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)
မြန်မာနိုင်ငံ မိုဘိုင်း လုပ်ငန်းရှင်များ အသင်း (MMIA:_ Myanmar Mobile Industry Association) ၏ ပထမအကြိမ် အသင်းသား စုံညီပွဲတော် ကျင်းပနေစဉ်။(ဆင်ဟွာ)
MMIA ၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဆန်းဦးက “ပြီးခဲ့တဲ့ လပိုင်းအထိဆိုရင် မိုဘိုင်းဖုန်း အများစုက တရားမဝင် တင်သွင်းသူတွေများခဲ့တော့ တရားဝင် တင်သွင်းသူတွေ နစ်နာတယ်၊ အခု ဒီစနစ်ကြောင့် တရားမဝင် တင်သွင်းသူတွေ တော်များများ လျော့ကျသွားမယ်၊ နောက်ပြီး ဈေးကွက် ဝေစု အများစု ရယူထားတဲ့ Brand ကြီးတွေအားလုံးက ဒီမှာ ပူးပေါင်းဆောင်ရွက်တဲ့ အတွက် နိုင်ငံတော်အတွက် အများကြီး အကျိုးရှီပါမယ်၊ အရက်ကနဲ့လုံး၀ မတူတဲ့ အခွန်ငွေတွေ ရရှိလာမယ်” ဟု မီဒီယာကို ပြောကြားခဲ့သည်။
ထို့သို့ အခွန်တံဆိပ် ကပ်နှိပ်ရောင်းချမှု မပြုပါက ဝယ်သူက တိုင်ကြားနိုင်ကြောင်း၊ ပထမ အကြိမ် ဒဏ်ငွေသည် နှစ်သိန်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ငါးသိန်း၊ တတိယ အကြိမ်ဆိုလျှင် ခုနစ်သိန်း၊ စတုတ္ထ အကြိမ်နှင့် နောက်ပိုင်း ဒဏ်ငွေ ဆယ်သိန်းဖြစ်ပြီး ထိုသို့ ကောက်ခံရရှိသော ဒဏ်ငွေထဲမှ ဆယ်ရာခိုင် နှုန်းအား တိုင်ကြားသူကို ပြန်ပေးမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် အခွန်တံဆိပ် ကပ်နှိပ်ရောင်းချမှု မပြုသည်ကို ကြုံရပါက တိုင်ကြားကြဖို့လိုကြောင်း၊ ထိုသို့ တိုင်ကြားခြင်းဖြင့် နိုင်ငံတော် အခွန်ရရှိရေးတွင် ပူးပေါင်း ပါဝင် ဆေင်ရွက်ပြီးသား ဖြစ်ကြောင်း။ မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိသည့် ဆောင်ရွက်မှု ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များ အသင်း (MMIA)ကို ၂၀၁၉ ဧပြီ ၂၂ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး ယနေ့ ပထမဆုံးသော စုံညီပွဲတော်သို့ လုပ်ငန်းရှင် ၇၀၀ ဦးခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)