Connect with us

Politics, Law & Military

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ စတုတ္ထအကြိမ် ပြန်လည် စိစစ် လက်ခံရေး အစီ အစဉ် ဆောင်ရွက်

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများ ပြန်လည် လက်ခံရေး လုပ်ငန်း ဆောင်ရွက်နေမှု များအား တွေ့ ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံသား စိစစ်ပြီး သူများအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် စတုတ္ထအကြိမ် ပြန်လည် စိစစ် လက်ခံရေး အစီအစဉ်အား ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မိမိဆန္ဒအလျှောက် နေရပ် ပြန်လိုသူ မြန်မာနိုင်ငံသားများအား ဇူလိုင် ၁ ရက်တွင် နို့ပိုး ဒုက္ခသည် စခန်းမှ နေရပ် ပြန်လိုသူ မြန်မာ နိုင်ငံသား ၁၅၁ ဦး ၊ မယ်လ ဒုက္ခသည် စခန်းမှ ၅ ဦး ၊ အုန်းပြန် ဒုက္ခသည် စခန်းမှ ၁ ဦး စုစုပေါင်း ၁၅၇ ဦးအား မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် ၁ မှတစ်ဆင့် ခေါ်ဆောင်လာခဲ့ပြီး မြန်မာဘက်မှ တာဝန်ရှိသူများမှ မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။

ယင်း နေရပ်ပြန် မြန်မာနိုင်ငံသား များအား မြန်မာဘက် တာဝန်ရှိသူများမှ လွှဲပြောင်း လက်ခံမှု အပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ခံရေး ကော်မတီဝင်များမှ နေရပ်ပြန်များ အခြေချနေထိုင်မည့် မူလ ဇာတိ ဒေသများ အရောက် ပို့ဆောင်ခြင်း၊ အိမ်ထောင်စုသုံး လတ်တလောထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများ ပေးအပ် ခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံသားဆိုင်ရာ အိမ်ထောင်စုဇယားပုံစံ-၁၀နှင့် နိုင်ငံသား ခိုင်မာမှုအဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နေရပ်ပြန်မိသားစုဝင်များအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ အခန်းကဏ္ဍအလိုက် ဆက်လက်ကူညီ ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

ဒုတိယနေ့ ပြန်လည်လက်ခံရေး အစီအစဉ်အား ဇူလိုင် ၂ ရက်တွင် ဘန်မနွိုင်ဆွိုင်းဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မယ်စဲ့ဂိတ်မှလည်းကောင်း ၊ ထမ်ဟင် ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသား များအား ထီးခီးဂိတ်မှလည်းကောင်း ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး တတိယနေ့ပြန်လည်လက်ခံရေးအစီအစဉ်အား ဇူလိုင် ၃ ရက်တွင် မယ်လ ၊ အုန်းပြန်နှင့် မယ်လအုန်းဒုက္ခသည်စခန်းများမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ဆက်လက် လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)