Connect with us

Social

တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အသင်း တည်ထောင်မည်

တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အသင်း တည်ထောင်ရေးနှင့် ပတ်သက်၍ ဖိုရမ်(Forum) တွင် ဆွေးနွေးစဉ် (ဓာတ်ပုံ-- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိသည့် တိုင်းရင်းသား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီးဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသများမှ လုပ်ငန်းကုမ္ပဏီများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ကိုယ်စားပြုနိုင်မည့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန် ကုန်သည်စက်မှုအသင်းချုပ် နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေဖြင့် ကနဦး သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

အသင်းအား မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် ဒေသများတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေခြင်းမှ တစ်ဆင့် မြို့ပြနှင့် ကျေးလက် ဘက်ညီသည့် ဖွံ့ဖြိုးမှုဖြစ်စေရန် ရည်ရွယ်ပြီး တည်ထောင်ရန် သဘောတူကြခြင်းဖြစ်ကြောင်း သိရသည်။

“ ပထမအဆင့်အနေနဲ့ နိုင်ငံတော်အဆင့်အသင်းအဖြစ် ဖွဲ့စည်းမှာပါ။ လူမျိုး ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံရဲ့ မည်သည့်တိုင်းရင်းသား လုပ်ငန်းရှင်မဆို အသင်းဝင်အဖြစ် ပူးပေါင်းပါဝင်နိုင်ပါတယ်။ အသင်းကို တစ်လအတွင်း ဖွဲ့နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်မယ် ” ဟု ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးဝင်း က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ကွာဟချက်အား ထိန်းညှိနိုင်ရန် အားလုံးပါဝင်ပြီး မျှတသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိရန် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အဓိကအားဖြင့် တိုင်းရင်းသားလူငယ်လုပ်ငန်းရှင်များ၏ လိုအပ်ချက်မျာအား ဖြည့်စည်းရန် လိုအပ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေး ၏ ပြောကြားချက်အရ သိရသည်။

အသင်းချုပ်အနေဖြင့် တိုင်းရင်းသား စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း ခိုင်မာစွာ တည်ထောင်နိုင်ရေး အတွက် အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဒေသအလိုက်၊ လူမျိုးအလိုက် ညီနောင်အသင်းများ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထားကြောင်း၊ အသင်းစတင်ဖွဲ့စည်းသည့် အခါ တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ပူးပေါင်းကြရန် ကြေညာပေးမည် ဖြစ်သည့် အကြောင်း ကြိုတင်အသိပေး ဖိတ်ခေါ်လိုက်ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.