Economy
သွင်းကုန် လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းအဖြစ် ၂၆၇ လိုင်းအား ဖြေလျော့

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)
သွင်းကုန် လိုင်စင် လျှောက်ထား ရယူ ဆောင်ရွက်ရမည့် ကုန်စည် ၄၄၀၅ လိုင်းအနက် ကုန်စည်လိုင်း ၂၆၇ လိုင်းအား သွင်းကုန် လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်းများ အဖြစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ဖြေလျှော့မည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
သွင်းကုန် လိုင်စင် လျှောက်ထားရန် မလိုသော ကုန်စည်လိုင်း ၂၆၇ လိုင်းများအနက် ရာဘာ နှင့် ရာဘာ ဆိုင်ရာ ပစ္စည်းများ ၊ ချည်ထည်များ ၊ သံ ၊ သံမဏိနှင့် စတီး ပစ္စည်းများ ၊ ကြေးနီ ၊ ကြေးဝါနှင့် ၎င်းတို့နှင့် ဆိုင်သော ပစ္စည်းများ ၊ လျှပ်စစ် ပစ္စည်းများ နှင့် ယင်းတို့၏ အစိတ်အပိုင်းများ ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် ဆက်စပ် ပစ္စည်းများ စသည်တို့နှင့် ပတ်သတ်သည့် ကုန်စည် အမျိုးအမည် အုပ်စုဝင်များ ပါဝင်ကြောင်း သိရသည်။
ထို့အတူ သွင်းကုန် လိုင်စင် လျှောက်ထား ရယူရန် လိုအပ်သော ကုန်စည် အမယ်စာရင်းကို အခါအားလျှော်စွာ စိစစ် သုံးသပ် ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO) နှင့် ASEAN အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် အားလျှော်စွာ WTO ၏ Agreement on Import Licensing Procedures နှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေ ရှိစေရန် လိုင်စင် လျှောက်ထားရန် လိုသည့် သွင်းကုန် အမယ်စာရင်းများကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စုစုပေါင်း ကုန်စည်လိုင်းများမှ ကုန်စည် ၄၄၀၅ လိုင်းအား လိုင်စင် လျှောက်ထားရယူရမည့် Negative List အဖြစ် အမိန့်ကြေငြာစာ(၆၉/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)