Connect with us

Social

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အား ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မန္တလေး၊ မတ် ၁၁ ရက်(ဆင်ဟွာ) 

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနားကို ယနေ့(မတ် ၁၁ ရက်)တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ရာ လေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အကောက်ခွန်ဌာန၊ လေကြောင်းရဲတပ်ဖွဲ့၊ ရောဂါစစ်ဆေးရေးဌာန စသည့် ဌာနများမှသက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် (Mr. Chen Chen)က COVID-19 ရောဂါ  ဖြစ်ပွားပြီးနောက် ကမ္ဘာနိုင်ငံအသီးသီး အထူးသဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ကူညီအားပေးထောက်ခံမှုများပေး ခဲ့ရာ အေးတူပူအမျှ ဆွေမျိုပေါက်ဖော်ချစ်ကြည်ရေးကို ပိုမို နီးကပ်နက်ရှိုင်းစေခဲ့ကြောင်း ၊ယင်းအတွက်လည်း အလွန်ကျေးဇူးတင်ရှိရာ ယခုလို လေဆိပ်သို့လာရောက် ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများကို လာရောက်ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် (Mr. Chen Chen)က သတင်းမီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ယခုပေးအပ်လှူဒါန်းသည့် ရောဂါ ကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများတွင် ဆေးရုံသုံးနှာခေါင်းစည်း စုစုပေါင်း အခု ၁၀,၀၀၀ နှင့် ပိုးသတ်ဆေးပုလင်း ၅၀၀ ပါဝင်ကြောင်း သိရသည်။ လေဆိပ်သည် ပြည်တွင်းပြည်ပ ဝင်ထွက်သွားလာမှုအများဆုံးနေရာဖြစ်သောကြောင့် လေဆိပ် ရောဂါကာကွယ်မှုသည် အထူးပင် အရေးကြီးကြောင်း၊ ယခု ပေးအပ်လှူဒါန်းသည့် ပစ္စည်းများက ရောဂါကာကွယ်ရေးအတွက် အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် အခြေအနေအရ လိုအပ်သည့် အကူအညီများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်က ဆိုသည်။ 

ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ယူနန်-မြန်မာ ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍မည်သို့အစီအစဉ်ရှိကြောင်း သတင်းထောက်များက မေးမြန်းရာတွင်  မစ္စတာ ချန်းချန်က “နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံပြည်သူတွေအတွက် အထူးပဲအရေးကြီးပါတယ်။ အဆုတ်ရောင်ရောဂါဖြစ်ပွားပြီးနောက် နယ်စပ်ကုန်သွယ်ရေးတွေကို ထိခိုက်မှုရှိတာကို တွေ့ရတယ်။ ဒါပေမဲ့ အခုအခါ တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ ဦးဆောင်မှုနဲ့ ယူနန်ပြည်နယ်အစိုးရကလည်း အလေးထား ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ လက်ရှိ ကျွန်တော်သိရသလောက်ဆိုရင် ရောဂါမဖြစ်ပွားခင်က ကုန်သွယ်မှုပမာဏရဲ့ ၈၅ ရာခိုင်နှုန်းကို ပြန်လည်ဆောင်ရွက်နိုင်ပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆန်တွေ၊ သစ်သီးဝလံတွေ အထွက်များတယ်။ မြန်မာ ဖရဲသီးနဲ့ငှက်ပျော်သီးဆို တရုတ်နိုင်ငံက အကြိုက်များတယ်။ ပိုပြီးတင်သွင်းနိုင်မယ်ဆိုရင် တောင်သူလယ်သမားတွေအတွက်ကော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကော အကျိုးရှိမယ့် အင်မတန်ကောင်းတဲ့ ကိစ္စပါ ”ဟု ဆိုသည်။

ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

“နောက်အပတ် ဒါမှမဟုတ် ဒီလထဲမှာ ကျွန်တော် မူဆယ်ကို သွားဖို့ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ် ဒေသခံအစိုးရအရာရှိတွေနဲ့အတူ ပူးတွဲအစည်းအဝေးလုပ်ပြီး နယ်စပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ယခုလိုကာလမှာ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိအောင် နည်းအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်မလဲဆိုတဲ့ အကြုံပြုဆွေနွေးဖလှယ်မှုများ ပြုလုပ်သွားဖို့ပါ။”ဟု ပြောကြားခဲ့သည်။ 

ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ရောဂါကာကွယ်ရေးသုံး အထောက်အပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

မန္တလေး ကောင်စစ်ဝန်ရုံးအနေဖြင့်  တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေးနှင့် အပြန်အလှန်နားလည်မှုများ တိုးပွားစေရန် ပေါက်ဖော် အွန်လိုင်း ဟူသောအမည်ဖြင့် Facebook၊ Wechat  Social media တစ်ခု ပြုလုပ်သွားရန်ရှိကြောင်း၊ ထို Social mediaမှတစ်ဆင့် တရုတ်နိုင်ငံ ၏အကြောင်းအရာများကို မြန်မာနိုင်ငံပြည်သူများ အချိန်နှင့်တစ်ပြေးအညီ သိရှိအောင် ဖော်ပြပေး မည်ဖြစ်သလို  မြန်မာနိုင်ငံ မန္တလေးမြို့၏ သာယာလှပသည့်ရှုခင်း၊ သမိုင်းဝင်နေရာနှင့် ချစ်စဖွယ် ယဉ်ကျေးမှုများကို တရုတ်နိုင်ငံသို့ မိတ်ဆက်ပြောပြပေးမည်ဖြစ်ကြောင်း  သိရသည်။ (Xinhua)