Connect with us

Social

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ COVID-19 ရောဂါကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို စာနာ ထောက်ထားသည့်အနေဖြင့် လည်းကောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု မြှင့်တင်ရေး အတွက် လည်းကောင်း ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး တို့ကို အလေးအနက် ထားသည့်အနေဖြင့် လည်းကောင်း တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၀၀ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနား ကို ယနေ့ မတ် ၁ ရက်တွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

 မြန်မာနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်အား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

 မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

 မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယခု ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း၏ အနှစ်သာရကို ဖော်ပြပေးနိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် သံယောဇဉ် ဆိုသည်မှာလည်း အပြန်အလှန် ဂရုစိုက်ကူညီခြင်း နှင့် အေးအတူပူအမျှ ဖြစ်ကြောင်း ၊ ယခုအကြိမ် ကပ်ရောဂါဖြစ်ပွားချိန်တွင် မြန်မာ နိုင်ငံက တရုတ် နိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းကလည်း ကောင်းမွန်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ကပ်ရောဂါနှင့် သက်ဆိုင်သော နိုင်ငံများအား ၎င်းတို့၏ လိုအပ်ချက်ပေါ် မူတည်၍ အတတ်နိုင်ဆုံး ကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက “မြန်မာ နဲ့ တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးက နှစ်တွေကြာမြင့်လာသလို ချစ်ကြည်ရင်းနှီးမှုကလည်း ပိုမိုတိုးမြင့်လာတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံကို လာရောက်ခဲ့တာကလည်း ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့် ပိုမို မြင့်တက်လာပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက အချင်းချင်း ရိုင်းပင်ကူညီရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိရပါမယ်။ တရုတ်နိုင်ငံမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံ အနေနဲ့လည်း တစ်ထပ်တည်း ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံက တစ်ဖက် တစ်လမ်းကနေ တက်နိုင်သလောက် ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း ယခု လက်ရှိ ဖြစ်ပွား နေသော ရောဂါကို အမြန်ဆုံး တိုက်ဖျက်နိုင်မယ်လို့ ယုံကြည် ပါတယ်။”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်ပေါင်း ၄၀၀၀ (တန် ၂၀၀) ကို ယနေ့ မတ် ၁ ရက်တွင် ကုန်တင်ယာဉ် ၆ စီးဖြင့် တင်ဆောင်၍ မြန်မာနိုင်ငံ မူဆယ်/ကျယ်ဂေါင် နယ်စပ်ဂိတ်သို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံ ၊ ရွှေလီ နယ်စပ်ဂိတ်မှတစ်ဆင့် ဟူပေပြည်နယ်ရှိ မြို့နယ် ၁၇ ခုသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ကိုယ်ချင်းစာနာသည့် စိတ်ဖြင့် လည်းကောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အလေးထားသည့် အနေဖြင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆက်ဆံရေး အတွက် လည်းကောင်း မြန်မာနိုင်ငံ ဒုက္ခအခက်အခဲ ရောက်လာပါက တရုတ်နိုင်ငံက အမြဲတမ်း ကူညီပေးနေသည်ကို ကျေးဇူးတုံ့ပြန်သည့် အနေနဲ့လည်းကောင်း လှူဒါန်းရခြင်း ဖြစ်ကြောင်း ဟု အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ကူညီပံ့ပိုးမည့်ဆန်များ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ထံသို့ လှူဒါန်းသည့် ဆန်အိတ်များ နှင့် စာရွက်စာတမ်း အထောက်အထားများ ပေးအပ်ခဲ့ပြီး သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကလည်း မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)