Connect with us

International Organizations

တစ်ကမ္ဘာလုံးက COVID-19ရောဂါ ပြန့်ပွားမှု တားဆီးနိုင်မည့်အခွင့်အလမ်းများကို လက်မလွှတ်ကြရန် WHO တိုက်တွန်း 

WHO၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား ဖေဖော်ဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) 

လက်ရှိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါပြန့်ပွားမှုကို တားဆီးနိုင်မည့် အခွင့်အလမ်းများ ရှိနေသော်လည်း  ယင်းအခွင့်အလမ်းများသည် နည်းလာပြီဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရောဂါဖြေရှင်းရေးဆိုင်ရာ လုပ်ဆောင်ချက်များကို လျှင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom က ဖေဖော်ဝါရီ ၂၁ ရက် တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ပြင်ပတွင် ရောဂါဖြစ်ပွားမှု စုစုပေါင်းအရေအတွက်သည် နည်းပါးသော်လည်း  ရောဂါကူးစက်မှုကွင်းဆက်များကို အတည်မပြုနိုင်သေးခြင်းကြောင့်  WHOအနေဖြင့် စိုးရိမ်နေကြောင်း၊ ဥပမာအားဖြင့် ရောဂါကူးစက်သူအချို့သည် တရုတ်နိုင်ငံသို့ ခရီးသွားရောက်မှု မှတ်တမ်းမရှိခြင်း သို့မဟုတ် အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိခြင်းများ ရှိကြောင်း Tedros Adhanom က ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပသည့် WHO ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

WHO၏ ပုံမှန်သတင်းစာရှင်းလင်းပွဲအား ဖေဖော်ဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ ပြုလုပ်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြင်ပတွင်  Diamond Princess အပျော်စီး သင်္ဘောပေါ်မှလွဲ၍ လက်ရှိ အတည်ပြုလူနာ အရေအတွက် အများဆုံးမှာ တောင်ကိုရီးယားနိုင်ငံ၌ ဖြစ်ကြောင်း၊ WHOအနေဖြင့် တောင်ကိုရီးယား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ အနီးကပ်ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုအရေအတွက် လျင်မြန်စွာ တိုးပွားလာသည့် အကြောင်းအရင်းကို ဘက်စုံသိရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း Tedros Adhanom က ဆိုသည်။ထို့အပြင် လွန်ခဲ့သော ၂ ရက်တွင်လည်း အီရန်နိုင်ငံ၌  အတည်ပြု လူနာအရေအတွက် စုစုပေါင်း ၁၈ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်း ဆိုသည်။

“ကျန်းမာရေးစနစ်အားနည်းတဲ့ နိုင်ငံတွေမှာ ကူးစက်ပြန့်ပွားလာမှာကို ကျွန်တော်တို့ စိုးရိမ်နေဆဲပါ” ဟု Tedros Adhanomက ပြောကြားခဲ့သည်။ရောဂါပြန့်ပွားမှုကို တားဆီးနိုင်သည့် အခွင့်အလမ်းများ ရှိသော်လည်း  ယင်းအခွင့်အလမ်းများသည် နည်းလာပြီဖြစ်ကြောင်း ၊ ရောဂါသည် နေရာတိုင်းတွင် ပြန့်ပွားနိုင်ကြောင်း၊ ရောဂါကာကွယ်တားဆီး နိုင်သည့် အခွင့်အလမ်းကို အမိအရဆောင်ရွက်မှသာ အန္တရာယ်ဆိုးကြီးနှင့် ကြုံတွေ့ရမည့် အခက်အခဲကို အပြောင်းအလဲလုပ်နိုင်မည်ဖြစ်ကြောင်း Tedros Adhanomက အလေးထား ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံး ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန်  WHO အနေဖြင့် အထူး သံတမန် ၆ ဦး ခန့်အပ်ပြီး ကမ္ဘာ့ နေရာဒေသအသီးသီးတွင် ရောဂါကာကွယ်တားဆီးရေး မဟာဗျူဟာ အကြုံချက်များနှင့် ဆောင်ရွက်ရမည့် သက်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများက COVID-19ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ကပ်ရောဂါ တားဆီးကာကွယ်နိုင်မည့် အခွင့်အလမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ၊ နိုင်ငံ အသီးသီးအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သင့် သလို လူနေရပ်ကွက်များတွင် ဖြစ်ပွားခဲ့လျှင် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထား သင့်ကြောင်း Tedros Adhanomက ပြောကြားခဲ့သည်။“ကျွန်တော်တို့ နောင်မှ ရောဂါကာကွယ်တားဆီးနိုင်မဲ့ အခွင့်အလမ်းတွေကို အပြည့်အဝ အသုံးမချရလေခြင်းဆိုပြီး နောင်တရလို့ မရဘူး”ဟု Tedros Adhanomက ဆိုသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.