Connect with us

International Organizations

COVID-19 ကို ထိန်းချုပ်၍ ရနိုင်ကြောင်း WHO အကြီးအကဲ ပြောကြား

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ Tedros Adhanom Ghebreyesus အားနေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ က COVID-19 ရောဂါသည် ထိန်းချုပ်၍ ရနိုင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံတွင် WHO နှင့် တရုတ် နိုင်ငံမှ ကျွမ်းကျင်သူများ ပူးတွဲပြုလုပ်သော စူးစမ်းလေ့လာမှု တွေ့ရှိချက်များအပေါ် အခြေခံ၍ ရှင်းလင်းသော သတင်းစကား တစ်ခုဖြစ်ကြောင်း  ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က WHO-တရုတ် ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံအတွင်း စူးစမ်းလေ့လာမှုအစီအစဉ်ကို မကြာသေးခင်က အဆုံးသတ်ခဲ့ပြီး ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ယုံကြည်မှု ၊ လုပ်နိုင်စွမ်း နဲ့ မျှော်လင့်ချက်တွေကို နိုင်ငံအားလုံးဆီ ပေးမယ့် အဓိက သတင်းစကားကတော့ ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ ” ဟု WHO အကြီးအကဲက ဆိုသည်။အဆိုပါပူးပေါင်းအဖွဲ့သည်  ဝူဟန့်အပါအဝင် ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်စွမ်း ၊ ရောဂါ၏ ပြင်းထန်မှု နှင့် လက်ရှိဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှု အတိုင်းအတာကို လေ့လာခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “ တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၃ ရက် မှ ဖေဖော်ဝါရီ ၂ ရက် အထိ ကြားကာလတွင် ကူးစက်မှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ၊ ယင်းကာလနောက်ပိုင်းတွင် ကူးစက်မှုမှာ တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း ” Tedros က ဆိုသည်။ ယင်းဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇ(DNA) တွင် ထူးကဲပြောင်းလဲမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝူဟန့်မြို့၌ သေဆုံးမှုနှုန်းသည် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဝူဟန့်အပြင်ဘက်တွင် ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၊ ရောဂါပြင်းထန်မှု မရှိသော လူနာများအတွက် ပြန်လည်သက်သာလာရန် ကုသမှုကြာချိန်မှာ နှစ်ပတ်ခန့်ကြာမြင့်ပြီး ရောဂါပြင်းထန်သောလူနာများအတွက် အချိန် သုံးပတ် မှ ခြောက်ပတ် ထိလိုအပ်ကြောင်း ပူးပေါင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

သို့သော် WHO အကြီးအကဲက ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အလေးထားဆောင်ရွက်ရန် သတိပေးပြောကြားခဲ့သည်။ “ ဒါဟာ နိုင်ငံအားလုံး ၊ လူမှုအသိုက်အဝန်းတွေ ၊ မိသားစုဝင်တွေ နဲ့ လူတစ်ဦးချင်းစီအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ အလေးထားရမယ့် အခိုက်အတန့်တစ်ခုပါ” ဟု Tedros က ထပ်လောင်းပြောကြားခဲ့ပြီး “ ကျနော့်တို့အနေနဲ့ ရောဂါထိန်းချုပ်ရေးကို အလေးထားရပါမယ် ၊ ကူးစက်ပြန့်နှံ့လာနိုင်တဲ့ အလားအလာတစ်ခုအတွက် ကျနော်တို့ဟာ လုပ်နိုင်တာတွေအားလုံးကို ကြိုတင်ပြင်ဆင် ထားရပါမယ် ” ဟု ၎င်းကဆိုသည်။(Xinhua)