Connect with us

Latin America

ဘရာဇီးနိုင်ငံတွင်၂ဝ၁၆ ခုနှစ် ပထမ ၃ လ အတွင်း ဝက်တုပ်ကွေး ရောဂါဖြင့် သေဆုံးသူ ၇၁ ဦးရှိလာ

ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံရခြင်း မရှိစေရန် ဘရာဇီးပြည်သူများ နှာခေါင်းကာများ တပ်ဆင်၍ ရီယိုဒီဂျနေရို မြို့တွင်းသွားလာနေပုံကို တွေ့ရစဉ် ( ဓာတ်ပုံ - အင်တာနက် )

ဆာအိုပေါ်လို ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ )

ဘရာဇီးနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း မှ မတ် ၂၆ ရက်ထိ ဝက်တုပ်ကွေး ရောဂါဖြင့် သေဆုံးသူ ၇၁ ဦး ထိရှိလာပြီး ၂ဝ၁၅ ခုနှစ် တစ်နှစ်လုံး သေဆုံးခဲ့သူ ဦးရေထက် ၂ ဆနီးပါး မြင့်တက်လာသည်ကို တွေ့ရကြောင်း ဘရာဇီးနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်က သတင်း ထုတ်ပြန်သည်။

ဆာအိုပေါ်လိုမြို့တွင် ရောဂါ ကူးစက်မှု အများဆုံး ခံထားရပြီး ယင်းမြို့၌ H1N1 ဝက်တုပ်ကွေးဖြင့် သေဆုံးသူ ၅၅ ဦး ထိရှိကြောင်း သိရသည်။ ထိုသို့ရောဂါကူးစက်မှု ပြင်းထန်နေသည့် ဆာအိုပေါ်လိုမြို့တွင် မတ်လ အကုန်ပိုင်းကတည်းက ဝက်တုပ်ကွေး ကာကွယ်ဆေးများ အစောတလျင် စတင် ထိုးပေးခဲ့ရသည်။ အမှန်စင်စစ် ဝက်တုပ်ကွေး ကာကွယ်ဆေးများကို ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်မှ မေ ၂ဝ ရက်အတွင်း ထိုးပေးရန် ဘရာဇီးအစိုးရက စီစဉ်ထားသည်။

“ လွန်ခဲ့တဲ့နှစ်တွေက ပိုက်ဆံပေးရင် ကာကွယ်ဆေးက ဝယ်လို့ရတယ်။ နောက်နေ့တွေမှာ ထိုးလို့ရတယ်။ အခုတော့ ဆေးဝယ်ဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ၊ ဆေးကို ဘယ်မှာဝယ်လို့ရလဲဆိုတာ မသိတော့ဘူး။ ဒီမှာတော့ အားလုံးငြိမ်ကုန်ကြပြီး။

ဘာကြောင့်လဲဆိုတော့ ဆေးလက်ကျန်လုံးဝ မရှိတော့ဘူး” ဟု ဆာအိုပေါ်လိုမြို့တွင်းရှိ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ညွှန်ကြားရေးမှူး Katia Goncalves က ဝက်တုပ်ကွေး ကာကွယ်ဆေးရရှိရန် ခက်ခဲနေပုံအကြောင်းကို ရှင်းပြသည်။

ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားရာတွင် နိုင်ငံတွင်းရှိ နေရာစုံကို လာမည့် ဧပြီလ ၈ ရက်မှ စတင်ကာ ကာကွယ်ဆေးများ ဖြန့်ဖြူး ပေးသွာမည်ဟု ဆိုသည်။ ဘရာဇီးနိုင်ငံသည် လာမည့် သြဂုတ်လတွင် အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားရန် ရှိနေရာ ယခုကဲ့သို့ဝက်တုပ်ကွေး ရောဂါများ ကူးစက် ပျံ့နှံ့နေခြင်းမှာ အချိန်ကောင်း အခါကောင်းတစ်ခု မဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။ နိုင်ငံတွင်း စီးပွားရေး ကျဆင်းမှုများသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သလို နိုင်ငံပိုင် ရေနံတူးဖော်ရေး ကုမ္ပဏီမှာလည်း အဂတိလိုက်စားမှုများဖြင့် စုံစမ်း စစ်ဆေးခံနေရသည်။ ထို့ပြင် နိုင်ငံအနှံ့ဇီကာဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့ပွားနေသော ပြဿနာသည်လည်း လတ်တင် အမေရိကတိုက်၏ အကြီးဆုံး နိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံ အတွက် လက်တလော ရင်ဆိုင်နေရသော အခက်အခဲများ ဖြစ်ကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.