MYANMAR
တောင်သူလယ်သမားများအတွက် COVID-19 အထူးချေးငွေအဖြစ် ထပ်ဆောင်းပံ့ပိုး ထုတ်ချေးမည်
ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)
COVID-19 ကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အထိုက်အလျောက် ထိခိုက်မှုများ ရှိခဲ့သဖြင့် တောင်သူလယ်သမားများ အတွက် COVID-19 အထူးချေးငွေ ထပ်ဆောင်းပံ့ပိုး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနထံမှ သိရသည်။
ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ရရှိသော တောင်သူလယ်သမားများသို့ COVID-19 အထူးချေးငွေ(COVID-19 Special Relief Loan) အဖြစ် တစ်ဧကလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ထပ်ဆောင်း၍ ပံ့ပိုးထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ၊ ချေးငွေသက်တမ်းမှာ မိုးစပါးချေးငွေ သက်တမ်း အတိုင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဒီငါးသောင်းကို တစ်နှစ်ပဲ သတ်မှတ်တာပါ။ COVID-19 ကာလလေးမှာပဲ လယ်သမားတွေ အတွက်ကို နိုင်ငံတော် အနေနဲ့ လယ်သမားတွေ လုပ်ငန်းမှာလည်း ထိခိုက်တဲ့ အတွက်ကြောင့် ထပ်ဆောင်းပေးတဲ့ သဘောမျိုးလေး လုပ်ပေးတာပါ။”ဟု စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။
အဆိုပါ အထူးချေးငွေကို ယခုနှစ် ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ လက်ရှိ စိုက်ပျိုးစရိတ် ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ကြေညာထားသည်။
ယခု ၂၀၂၀ ပြည့်နှစ် မိုးစပါး ချေးငွေ ရရှိသူများအပြင် ၂၀၂၀ ပြည့်နှစ်အတွက် အခြားသီးနှံချေးငွေ ရရှိသူများအဖို့လည်း အလားတူ ထပ်ဆောင်း ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းချေးငွေသည် COVID-19 ကာလအတွင်း တောင်သူလယ်သမားများအတွက် အထူးချေးငွေ ဖြစ်သဖြင့် တစ်ကြိမ်သာလျှင် ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/မြို့နယ် ဘဏ်ခွဲများ နှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေး အကြောင်းကြား ကြေညာထားကြောင်း သိရသည်။စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးလျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၅ ရက်မှ စ၍ ထုတ်ချေးလျက် ရှိကြောင်း သိရသည်။ (Xinhua)