Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ ရှစ်ဦး ထပ်တိုး ၊ ၁၆၀ ဦး ဆေးရုံမှ ဆင်းခွင့်ပြု 

ရန်ကုန်မြို့၌ နှာခေါင်းစည်း နှင့် အကာအကွယ်များ တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ရှစ်ဦး ထပ်တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဇွန် ၁၅ ရက် ညပိုင်းတွင် ကြေညာခဲ့ပြီးနောက် COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၇၅ ဦး ထိရှိလာကြောင်း သိရသည်။

အဆိုပါ COVID-19 ရောဂါပိုးကင်းစင်လာသူ ၁၇၅ ဦးအနက် ၁၆၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ရှိတွင် မိမိတို့မြန်မာနိုင်ငံ၌ COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ဘက်စုံခြုံငုံ ဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

လက်တလောကာလ၌ ပြည်ပမှ ပြန်လာသူများတွင် ရောဂါကူးစက်ဖြစ်ပွားမှုများတွေ့ရှိနေရသဖြင့် ပြည်ပမှ ပြန်လာသူများအား အသွားအလာကန့်သတ်ထားရှိမှု လုပ်ငန်းများကို စနစ်တကျ စည်းကမ်းများ၊ လုပ်ငန်းလမ်းညွှန်များ နှင့် အညီ တိတိကျကျ အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ယနေ့ ဇွန် ၁၅ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၁)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၂) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၇၀) ခု စုစုပေါင်း (၁,၁၅၃)ခု အား ယနေ့ ၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးအား မတ် ၂၃ ရက်တွင် စတင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုအခါတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၆၂ ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)