Connect with us

Local

ကုမ္ပဏီ နှင့် ရေမဆေးသမားများ အကြား အလေးချိန် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကိစ္စ ညှိနှိုင်းမှု အဆင်ပြေ

အလေးချိန် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီး တောက်ပကြယ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်းမှ ရေမဆေး ကျောက်ရှာဖွေသူ ငါးဦးတို့က တူးဖော်တွေ့ရှိသည့် အလေးချိန် ခုနစ်တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကို ကုမ္ပဏီနှင့် ရေမဆေးသမား များအကြား ညှိနှိုင်း အဆင်ပြေသွားခဲ့ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထို ကျောက်စိမ်းအရိုင်းတုံးကို ဧပြီ ၂၆ ရက် နံနက်ပိုင်းက ရေမဆေး ကျောက်ရှာဖွေသူငါးဦးတို့က စတင် တွေ့ရှိခဲ့ပြီး ရေမဆေးလိုက်ပါ ဆောင်ရွက်သူ (ဒေသအခေါ်ဂျော်ကီ) စာရင်းအရ ၁ဝဝဝဝ ခန့် တို့မှ တူးဖော်ကာ မှော်စာပုံကျေးရွာ ကိုယ့်အားကိုယ်ကိုးကျောင်းဝင်း အတွင်းသို့ သရီးကရောင်းယာဉ်ဖြင့် သယ်ယူသွားခဲ့ကြောင်း သိရသည်။

ကျောက်မျက်ကုမ္ပဏီနှင့် ရေမဆေးသမားများကြား ညှိနှိုင်းပြေလည်မှု မရရှိခဲ့သဖြင့် ဧပြီ ၂၈ ရက်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ၏ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့မှုဖြင့် ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၃ဝဝ ထုတ်ပေးခဲ့ပြီး ကျောက်စိမ်းအရိုင်းတုံးတွေ့ရှိသူ ငါးဦးအား ငွေကျပ်သိန်း ၃ဝဝ နှင့် ရေမဆေး ဂျော်ကီများအား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ စီ ပေးအပ်ခြင်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

ထိုကျောက်စိမ်းအရိုင်းတုံးအား ဧပြီ ၃၀ ရက်တွင် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း ကျောက်မျက် တူးဖော်ရေးဌာန မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။(Xinhua)