Connect with us

MYANMAR

ကူးစက်ရောဂါ၏ ထိခိုက် နစ်နာမှုများမှ ပြန်လည်နာလန်ထူနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာစေရန် အထူးပင် လိုအပ်လျက်ရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား 

၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) 

COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာ့ စီးပွားရေးနှင့် ပေါင်းစပ်ဆက်သွယ်ရေးမှာ များစွာ ထိခိုက်သည်ဖြစ်ရာ ကူးစက်ရောဂါ၏ ထိခိုက် နစ်နာမှုများမှ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာစေ ရန် အထူးပင် လိုအပ်လျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော ၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံအနေဖြင့် ကူးစက်ရောဂါတုံ့ပြန်ရေးနှင့် ပြန်လည်နာလန်ထူရေးဆိုင်ရာ ထိရောက်ကျယ်ပြန့်သည့် အစီအစဉ်တစ်ရပ် ရေးဆွဲချမှတ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ အာဆီယံအနေဖြင့် ပြည်သူများ၏ ယုံကြည်မှု၊ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်တို့ကို ပြန်လည်တည်ဆောက် မြှင့်တင်ရန် အရေးကြီးကြောင်း video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။  

 ၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office) 

အာဆီယံအနေဖြင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ၊ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုပိုမိုမြှင့်တင်ရန်နှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုတို့ကို အပြုသဘောဖြင့် အထောက်အကူပြုနိုင်မည့် အလားအလာရှိသောမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်းလည်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာ၌ ရခိုင်ပြည်နယ်၏အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ မိမိတို့ဒေသအတွင်း သဟဇာတရှိမှုနှင့် တည်ငြိမ်အေးချမ်းမှု အလွန် လိုအပ်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်ပူပန်မှု ရှိကြောင်း၊ လူ့အခွင့်အရေးသည် လူသားအချင်းချင်းအကြား ကောင်းမွန်သည့် ဆက်ဆံရေး၊ အပြန်အလှန် လေးစားမှုနှင့် အပြန်အလှန် ယုံကြည်မှုတို့အပေါ်တွင် အခြေခံရမည်ဖြစ်ကြောင်း၊ အာဆီယံတွင် ဤတန်ဖိုးစံနှုန်းများ ရှိသည်ဖြစ်ရာ မိမိတို့ တစ်နိုင်ငံတည်းကိုသာမက ဒေသတွင်းကို ထိခိုက်စေနိုင်သည့် ပြဿနာကိုဖြစ်စေ ၊ တစ်ကမ္ဘာလုံးကိုပါ ထိခိုက်စေနိုင်သည့် ပြဿနာကိုဖြစ်စေ ၊ မိမိတို့အနေဖြင့် အတူတကွ ပူးပေါင်း၍ အဖြေရှာနိုင်ကြောင်း၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာ တို့သည် ရခိုင်ပြည်နယ်တွင် မိမိတို့ လက်ရှိ ရင်ဆိုင်နေရသည့် အန္တရာယ်နှစ်ခု ဖြစ်သကဲ့သို့ ယင်း ပြဿနာနှစ်ရပ်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ပြဿနာများ ဖြစ်ကြောင်း၊ အာဆီယံ အနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသတစ်ခုတည်းအတွက်သာမက တစ်ကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့်် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် အတူတစ်ကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း ၊ အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဆီယံ၏ပြင်ပဆက်ဆံရေး၊ အာဆီယံ၏အချက်အချာကျမှု ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

၃၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် (၃၆)ကြိမ်မြောက်အာဆီယံထိပ်သီး အစည်းအဝေးဥက္ကဋ္ဌ၏ကြေညာချက်၊ စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသောအာဆီယံဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ မျှော်မှန်းချက် (ASEAN Leaders’ Vision Statement on a “Cohesive and Responsive ASEAN”) နှင့် ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာ ကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on Human Resource Development for the Changing World of Work) စသည် တို့ အပါအဝင် စာရွက်စာတမ်း (documents) (၁၅)ခု ကို ထုတ်ပြန်၊ အတည်ပြု၊ မှတ်တမ်းတင်ခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.