Connect with us

MYANMAR

YBS ပြန်လည်စီးနင်းသူ ထက်ဝက်ခန့်ရှိလာ၊ ယာဉ်ပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ခြင်းရှိမရှိ ကြပ်မတ်စစ်ဆေးလျက်ရှိ 

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖြေလျှော့မှုများ ဆောင်ရွက်နေသည့်အချိန်အတွင်း ၊ဇွန် တတိယပတ် တွင် YBS ပြန်လည် စီးနင်းသူ ထက်ဝက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် YBS ယာဉ်မောင်းနှင့် ခရီးသည်များ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ /မရှိ စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ဆင်ဟွာကို ဇွန် ၂၇ ရက် တွင်ပြောသည်။

ဒေါက်တာမောင်အောင်က “ခရီးသည်စီးနင်းမှု က COVID-19 ရောဂါမဖြစ်ပွားခင်နဲ့ နှိုင်းယှဉ်ရင် ခရီးသည် ၉ သိန်းဝန်းကျင်လောက် ပြန်စီးလာပြီဆိုတော့ ထက်ဝက်လောက်ပြန်စီးလာပြီလို့ ပြောလို့ ရပါတယ်။ COVID-19 ရောဂါ ကာကွယ်ရေး အတွက်တော့ YBS ယာဉ်မောင်းတွေ ကို နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ဖို့ ညွှန်ကြားထားသလို ကြပ်မတ်စစ်ဆေးမှုတွေကို သေချာဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။

လတ်တလောတွင် Mask မတပ်ဆင်သည့် ယာဉ်မောင်းများကို သတိပေးမှုများ လုပ်ဆောင်နေပြီး မှတ်တမ်းများ ရေးသွင်းထားရှိကာ  ဆောင်ရွက်နေကြောင်း၊  ခရီးသည်များ အနေဖြင့်လည်း Mask တပ်ဆင်စီးနင်းရန် အသိပေး ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။ 

“နှာခေါင်းစည်းမတပ်တဲ့ယာဉ်မောင်းတွေ ကို မှတ်တမ်းရေးတယ်။ ကုမ္ပဏီတွေ ကိုလည်းပြောတယ်။ COVID-19 ရောဂါက မပေါ့သင့်ပါဘူး။ ကျွန်တော်တို့ YRTA အနေနဲ့ YBS ခရီးသည် အဆင်ပြေအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် တွေ ကိုတော့ ခရီးသည်တွေ ဘက်ကလည်း လိုက်ကိုလိုက်နာဖို့လိုပါတယ်။’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

လက်ရှိ ရုံးတက်၊ ရုံးဆင်းချိန်များတွင် YBS ယာဉ်ပေါ်၌ လိုက်ပါစီးနင်းသည့် ခရီး သည် များပြားသဖြင့် Social Distancing လုပ်ဆောင်၍မရဘဲ Mask တပ်ဆင်ရန်နှင့် Hand Gel များ သုံးစွဲရန် သတ်မှတ်ထားကြောင်း၊ ယာဉ်ပေါ်၌ Hand  Gel များကိုလည်း ထားရှိပေးကာ   ခရီးသည်များ လိုက်နာရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်   အသိပေးစာများ  ကပ်ထားကြောင်း သိရသည်။

ဇွန် ၂၆ ရက် တွင် YBS ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၆) လိုင်းမှ YBS အစီးရေ (၃,၈၉၃) စီးပြေးဆွဲခဲ့ပြီး ခရီးသည် ၈၇၁,၇၆၉ ဦးစီးနင်းသူရှိခဲ့ကြောင်း၊ ဇွန် ၁၂ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၆၅၆) စီးဖြင့် ခရီးသည် (၇၆၅,၃၅၂) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.