Connect with us

MYANMAR

ဈေးကွက်အားသာချက် ၊ အိမ်နီးချင်းနိုင်ငံများ၏ အားပေးထောက်ခံမှုဖြင့် မြန်မာ့စီးပွားရေး ပြန်လည်ကောင်းလာမည် မျှော်လင့်ဟုဆို 

ရန်ကုန်မြို့လယ်၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) 

မြန်မာ့စီးပွားရေးသည် ဈေးကွက်၏ အားသာချက် ၊ အိမ်နီးချင်းနိုင်ငံများ၏ အားပေးထောက်ခံမှုဖြင့် ပြန်လည်ကောင်းလာမည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်မှုတွင် COVID-19 က မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ အပေါ် ပြင်းထန်သည့် သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ၊ အကယ်၍ ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေပါက စီးပွားရေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှသာ ပြန်လည်နလံထူလာမည်ဟု ခန့်မှန်းထားကြောင်း ၊ သို့သော်လည်း ထိခိုက်နိုင်ဖွယ် အန္တရာယ်များ ရှိနေသေးကြောင်း ဇွန် ၂၅ ရက်စွဲဖြင့် ဖော်ပြထားသည်။ 

“မြန်မာနိုင်ငံက နိုင်ငံကြီး နှစ်ခုကြားမှာ ရှိတယ်။ပြီးတော့ အာဆီယံ ရှိတယ်။ အကုန်လုံးက interconnective တစ်ယောက်နဲ့ တယောက် connection တွေရှိတယ် ။ Supply Chain က လည်ပတ်မှု ရှိနေတာပေါ့။ ဒေသတွင်းမှာ Supply Chain က လွတ်လပ်စွာ ကူးလူးဆက်ဆံ ကုန်သွယ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ သိပ်ပြီး ကြောက်စရာ မလိုပါဘူး။”ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း connectivity ကောင်းရန် နှင့် ဒေသတွင်း ကူးလူးဆက်ဆံမှု ၊ ကုန်သွယ်မှု ကောင်းရန် လိုကြောင်း ၊ ထို့အတူ နိုင်ငံ၏ အားသာချက် ၊ အားနည်းချက်တို့ကို သိရန် လိုအပ်ကြောင်း ၊ အဓိက အားသာချက်မှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှ၌ မြေဧရိယာအားဖြင့် အကြီးဆုံး နိုင်ငံ ဖြစ်ပြီး ရေမြေသယံဇာတ ကောင်းမွန်ကြောင်း ၊ လယ်ယာကိုင်းကျွန်း ၊ မွေးမြူရေး နှင့် ရေလုပ်ငန်းတို့ကို အခြေခံပြုပြီး တက်သွား၍ ရကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

“အဓိက စိုက်ပျိုးရေး ၊ မွေးမြူရေးကို အခြေခံပြုပြီးတော့ ပိုက်ဆံများများရမယ့် ကုန်ထုတ်လုပ်မှု(manufacturing)ကို လုပ်ဖို့ ဆိုတာက အရေးကြီးပါတယ်။ များများ ပိုက်ဆံဝင်မယ့် စိုက်ပျိုးသီးနှံတွေရယ် ၊ နောက်ပြီး သားငါးကဏ္ဍတွေရယ် ၊ သားငါးကို value added ပေါ့။ကုန်ကြမ်းကို ကုန်ချောလုပ်ဖို့ အမျိုးမျိုးနဲ့ လုပ်ပြီးတော့ တန်ဖိုးမြင့်သွားမယ်ဆိုရင် မြန်မာနိုင်ငံက တက်သွားမှာပါပဲ။”

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်မှုတွင် COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယေဘုယျ ခန့်မှန်းအခြေအနေ (Baseline Scenario) အရ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။ 

အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများဖြစ်သော COVID-19 ရန်ပုံငွေ (COVID-19 Fund) ထူထောင်ခြင်းနှင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရေး စီမံချက် (COVID-19 Economic Relief Plan-CERP) များအား လေ့လာသုံးသပ်ထားကြောင်း ၊ ယင်းတို့တွင် အခွန်သက်သာခွင့်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများကို ချေးငွေထုတ်ပေးခြင်း၊ အိမ်ထောင်စုများအတွက် အစားအစာနှင့် ငွေသားများ ပံ့ပိုးပေးခြင်း ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေမည့် မူဝါဒများအပါအဝင် စီးပွားရေး ကုစားပေးနိုင်ရန် နှင့် ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်မှုဖြစ်စေရန် အထောက်အကူပေးမည့် နည်းလမ်းများပါဝင်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ 

“အခုအချိန်မှာ မြန်မာ့စီးပွားရေး ကာလလတ် မျှော်မှန်းချက်များက အကောင်းဘက်ဦးတည်နေပေမယ့် ကြိုတင်မခန့်မှန်းနိုင်တဲ့ ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ခိုင်မာအားကောင်းသော မူဝါဒလုပ်ဆောင်မှုများ အရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ် မျှော်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့ အထောက်အပံ့ပေးခြင်း နဲ့ နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERP ကို ပိုမို ထိရောက်အောင်မြင်စေနိုင်ပါလိမ့်မယ်။” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန် က ပြောကြားထားသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဇွန် ၂၂ ရက်တွင် ပြုလုပ်ခဲ့သော ဘဏ္ဍာရေး ကော်မရှင်(၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် ကြီးမားသည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်သည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း စီးပွားရေးထိခိုက်မှုများ ရှိလာကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လကဲ့သို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအားလုံး ဝင်ငွေကျဆင်းနိုင်ကြောင်း၊ ပြည်ထောင်စု၏ ရငွေ အခြေအနေပေါ်မူတည်ပြီး အသုံးစရိတ်များကို ခွဲဝေရခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ အားလုံး ခွဲဝေရရှိသည့် အသုံးစရိတ်များကို အပြည့်အဝသုံးစွဲကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည် တိုးတက်စေရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117