Connect with us

MYANMAR

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ၊ သက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

Video Conferencing စနစ်ဖြင့် ပြုလုပ်သော အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့အားတွေ့ရစဉ် (ဓာတ်ပုံ - Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများ ၊ အသက် (၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအတွက် COVID – 19 စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပုံမှန်စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်အရ ပလက်ဝမြို့နယ် ၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင်သူများအတွက် စားနပ်ရိက္ခာ(၃)လစာ လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဩဂုတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ပလက်ဝနှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁,၉၈၂ စုအတွက်ထောက်ပံ့ငွေကျပ် ၇၉ ဒသမ ၂၈ သန်း ၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၇၉ စု ၊ လူဦးရေ ၉၂၁ ဦးအတွက် စားနပ်ရိက္ခာ ၃ လစာ ထောက်ပံ့ငွေကျပ် ၃၃,၃၃၀,၉၀၀  ၊ ပလက်ဝမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွား ၁၈၄  ဦးအတွက် ထောက်ပံ့ငွေကျပ် ၅ ဒသမ ၅၂ သန်းတို့ကို ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများက ချင်းပြည်နယ်အစိုးရဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုထောက်ပံ့မှုများသည် COVID–19 ကာလအတွင်းပြည်သူများ၏ အခက်အခဲများကို လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၊ ထို့အပြင် ချင်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနက ပုံမှန်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို COVID–19 စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း Video Conferencing စနစ်ဖြင့် ပြုလုပ်သော ပေးအပ်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ချင်းပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်စခန်းနှင့် IDP စခန်းများတွင် နေထိုင်ကြသူများ၊ ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ် အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က ပြောကြားခဲ့သည်။

COVID–19 စီးပွားရေးကုစားမှုအစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်နယ်(၅)ခုရှိ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင်နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများဝယ်ယူနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများအား COVID – 19 ကာလ အထူးလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ထပ်မံစာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းများကို ပေးအပ်လျက်ရှိကြောင်း သိရသည်။ 

ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိသော COVID–19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးစီမံချက်များအရ တိုက်ပွဲရှောင်စခန်းများ၊ IDP စခန်းများတွင် COVID – 19 ဆိုင်ရာ အသိပညာပေးခြင်းကို ကျယ်ပြန့်ထိရောက်စွာနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်အကြံပြုချက်များ ထည့်သွင်းထားသော Memory Stick များနှင့် လက်ကိုင်အသံချဲ့စက်များ ပံ့ပိုးခြင်း၊ Mask ၊ Face Shield ၊ လက်ဆေးဆပ်ပြာ၊ ဘေစင်၊ အပူချိန်တိုင်းကိရိယာများနှင့် ရေရရှိရေးပံ့ပိုးပေးခြင်း၊ စခန်းများတွင် သံသယလူနာတွေ့ရှိပါက သီးခြားခွဲ၍ နေထိုင်နိုင်ရန် Long House များ တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ (Xinhua)