Connect with us

WORLD

COVID-19ကပ်ရောဂါကာလ ကလေးငယ်နှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ တုတ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပို၍ ဂရုစိုက်သင့်ကြောင်း WHO ဆို

ပါလက်စတိုင်းနိုင်ငံ ဂါဇာဒေသတွင် နှာခေါင်းစည်းတပ် သွားလာနေသူများအား အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

COVID-19 ကပ်ရောဂါ ကာလတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ တုတ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပို၍ ဂရုစိုက် သတိထားသင့်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပညာရှင်များက နိုဝင်ဘာ ၂ ရက်တွင် အလေးထား ပြောကြားခဲ့သည်။

ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် တုပ်ကွေး ရောဂါကြောင့် ရောဂါ ပြင်းထန်နိုင်မှုအန္တရာယ် ပိုကြီးသော်လည်း ကိုဗစ် ရောဂါပြင်းထန်သော လူနာ အချိုးအစားတွင် အနည်းငယ် နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်စီမံကိန်း လက်တွေ့ကုသရေးဌာန တာဝန်ခံ Janet Diaz က နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အကယ်၍ ၎င်းတို့တွင် အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ကူးစက်မှုလက္ခဏာ ပြပါက ပထမဦးဆုံး ဆေးစစ်ပေးသင့်ကြောင်း၊ သို့မှသာ ရောဂါနှင့်ကိုက်ညီသည့် ပစ်မှတ်ထား ကုသမှုများ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများတွင် မကြာမီလာမည့် တုပ်ကွေးရာသီ၌ ကြုံတွေ့ရမည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တုပ်ကွေးစောင့်ကြည့်စစ်ဆေးမှု စနစ်များကို အဆင်သင့်ပြင်ထားပြီးဖြစ်ကြောင်းကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhoveက ဆိုသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးဝါးစွာ နှိပ်စက်မှုများရှိနေခြင်းကြောင့် တုပ်ကွေးရောဂါအန္တရာယ်များသူများအနေဖြင့် ယခုနှစ်တွင် တုပ်ကွေးကာကွယ်ဆေးထိုးရန် အကြုံပြုကြောင်း ဆိုသည်။

ထိုမတိုင်မီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် အနည်းကပ်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် နေအိမ်တွင် သီးခြားခွဲနေ ကျန်းမာရေးအခြေအနေ စောင့်ကြည့်လျက်ရှိရာ လက်ရှိတွင် မည်သည့် ရောဂါလက္ခဏာမျှ မရှိကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အရေးပေါ်စီမံကိန်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Michael Ryan က ညွှန်ကြားရေးမှူးချုပ်၏ လက်ရှိကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ WHO သတ်မှတ်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ယာယီအနေဖြင့် မလိုအပ်သေးကြောင်း ဆိုသည်။ (Xinhua)