Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးနိုင်မည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော်မှ အတည်ပြု
နေပြည်တော် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် တာဝန်ပေးနိုင်ရန် ပြဌာန်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ဧပြီ ၁ ရက်တွင် အမျိုးသား လွှတ်တော်မှ အတည်ပြုခဲ့သည်။
ထိုဥပဒေကြမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်၌ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီသို့လွှဲအပ်ခဲ့ခြင်း ဖြစ်ပြီး ဥပဒေကြမ်းကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီရင်ခံစာအား ယနေ့ဖတ်ကြား တင်ပြခဲ့ရာတွင် ဥပဒေအား အတည်ပြုဆောင်ရွက်သင့်ကြောင်း ၊ ကော်မတီတွင် ကန့်ကွက် ဆွေးနွေးမူများ ရှိသည့်အပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူသင့်ကြောင်း တင်ပြခဲ့သည်။
ထိုဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၇ ဦးတို့က ဥပဒေကြမ်းပါ ဖော်ပြထားသည့် အကြောင်းများ အပေါ် ဆွေးနွေးခဲ့ရာတွင် ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ၊ ထိုကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ရယူသင့်ကြောင်း ၊ ဥပဒေအား ပြဌာန်းမည် ဆိုပါက ပြန်လည် ပြင်ဆင် ရေးဆွဲ သင့်ပါကြောင်း ဆွေးနွေး တင်ပြခဲ့သည်။
အမျိုးသား လွှတ်တော် အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)
ထိုဆွေးနွေးတင်ပြချက်များ အပေါ် ဥပဒေကြမ်း ကော်မတီမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဥပကြေမ်းပါ ဖော်ပြထားသည့် အချက်များ အပေါ် တစ်ပုဒ်ချင်း အလိုက် အတည်ပြုရန် လွှတ်တော်၏ ဆန္ဒရယူပြီးနောက် ဥပဒေကြမ်း ကော်မတီ တင်ပြချက် ဖြစ်သည့် မူလအတိုင်း ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထိုနောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်မှ အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် အဆိုတင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်းက ထောက်ခံခဲ့သဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာတွင် မဲခွဲဆုံးဖြတ်ပြီး ထောက်ခံဆန္ဒမဲ ၁၃၇ မဲ ၊ ကန့်ကွက် ဆန္ဒမဲ ၇၀ မဲဖြင့် အတည်ပြုခဲ့ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း ၅ ခန်း နှင့် ပုဒ်မ ၈ ခု ဖော်ပြပါရှိပြီး ဥပဒေ၏ ရည်ရွယ်ချက်များမှာ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး ၊ ဈေးကွက် စီးပွားရေး စနစ် ပီပြင်ရေး ၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ဖြစ်ပြီး အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုသည်မှာ ယင်းရည်ရွယ်ချက်များ အောင်မြင်စေရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုလိုကြောင်း ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရာထူး သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဖြစ်ပြီး ဤ ဥပဒေသည် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလ အတွက်သာ ဖြစ်စေရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြပါရှိသည်။ (Xinhua)