Connect with us

Politics, Law & Military

အောက်တိုဘာ (၁)ရက်မှ စက်တင်ဘာ (၃၀) ဘဏ္ဍာရေးနှစ်အသစ်ကို ၂၀၁၈ – ၁၉ တွင် ကျင့်သုံးမည်

ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်းအတွက် စီမံ/ ဘဏ္ဍာ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့က ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်းကို နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးက မှတ်တမ်းတင်ကြောင်းနှင့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် အဆိုပါ ရက်စွဲအသစ်အရ စတင် ကျင့်သုံးမည်ဖြစ်ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

“နိုင်ငံတော် သမ္မတရုံးက ၂၉ ရက် စက်တင်ဘာလ ၂၀၁၇ ရက်စွဲနဲ့ ပေးပို့ထားတဲ့ မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးနေသော ဘဏ္ဍာရေးနှစ်ဖြစ်သည့် ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အစား အောက်တိုဘာလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြောင်းလဲ ပြင်ဆင် သတ်မှတ်မှုကို၂၀၁၈ – ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရဲ့ သဝဏ်လွှာ အပါအဝင် ၎င်းကိစ္စအပေါ် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များရဲ့ ရှင်းလင်း တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်းအား ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက မှတ်တမ်းတင်ကြောင်း ကြေညာစဉ် (ဆင်ဟွာ)

အဆိုပါ ဘဏ္ဍာရေးနှစ် ပြောင်းလဲ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၆ ဦးတို့က ဝေဖန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးချက်များ အပေါ် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည် ရှင်းလင်း ဖြေကြားအပြီး ယခုကဲ့သို့ မှတ်တမ်းတင် ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲရခြင်း၏ အဓိက အကြောင်းရင်းမှာ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်နေသည့် အခြေခံ အဆောက်အအုံများကို အရှိန်အဟုန်ဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေး လုပ်ငန်းများအတွက် တစ်ဆက်တည်း ဖြစ်သော ပွင့်လင်း ရာသီ အများဆုံး ရရှိရေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ မုတ်သုန်ရာသီ ရှိသော ထိုင်းနှင့် လာအိုတို့တွင်လည်း ဘဏ္ဍာရေး နှစ်ကို အောက်တိုဘာလမှ စက်တင်ဘာလ အထိ သတ်မှတ်ထားသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ သာမန်အသုံးစရိတ်တွင်ပါဝင်သည့် ပြင်ဆင်ထိန်းသိမ်းရေး စရိတ်များ တွင်လည်း တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သဖြင့် ဘဏ္ဍာရေးနှစ်အတွင်း တစ်ဆက်တည်း ပွင့်လင်းရာသီ အများဆုံး ရရှိခြင်း သည် ငွေလုံးငွေရင်း အသုံးစရိတ်များကိုသာမက သာမန်အသုံးစရိတ်များကိုပါ အဆင်ပြေစေမှာ ဖြစ် ကြောင်း၊ ဘဏ္ဍာရေးနှစ် အစပိုင်းတွင် ပွင့်လင်းရာသီ တစ်ဆက်တည်း ပိုမိုရရှီခြင်းသည် ခရီးသွား လုပ်ငန်း၊ လယ်ယာ၊ သတ္တု၊ သစ်တော စသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးရေးကို အထောက်အကူပြု ပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်း တင်ပြခဲ့သည်။

ဘဏ္ဍာရေးနှစ်သစ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးကျော်စိုးလင်းက “ပြည်ထောင်စုလွှတ်တော်မှာ သမ္မတက ပေးပို့လာသော အကြောင်းအရာ မှန်သမျှကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၈၀) (ခ) အရသော်လည်းကောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၁) (ခ) အရသော်လည်းကောင်း မှတ်တမ်းပဲ တင်ရပါတယ်၊ မဲခွဲ ဆုံးဖြတ်ရမယ်တို့ဘာတို့ မပါပါဘူးခင်ဗျ၊ ပိုပြီးတော့ လေးနက်သွားအောင်ဆိုတဲ့ သဘောနဲ့ လွှတ်တော်က ဆွေးနွေးခွင့် ပြုလိုက်တဲ့ သဘောပါ၊ နိုင်ငံတော် သမ္မတက ပေးပို့တဲ့ သဝဏ်လွှာ နှင့် နာယကက ခွင့်ပြုသော အခြား သဝဏ်လွှာများကို နာယကက လက်ခံပြီးရင် လွှတ်တော်မှာ ဖတ်ကြား တင်သွင်းပြီးတော့ မှတ်တမ်းပဲ တင်ရပါတယ်၊ သမ္မတရဲ့ သဝဏ်လွှာအတိုင်း ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်မှာ ကျင့်သုံး ဆောင်ရွက်ဖို့ဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.