Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွက် ကျပ် ဘီလျံ ၂၇၄၀ ကျော် ထပ်မံခွင့်ပြုရန် တင်ပြ

၂၀၁၇ -၁၈ ဘဏ္ဍာနှစ် အတွက် နောက်ထပ်လိုငွေများ ခွင့်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံချက်ပါ အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ထပ်မံလိုအပ်ငွေ ကျပ် ဘီလျံ ၂၇၄၀ ကျော်ကို ခွင့်ပြုပေးပါရန် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ပြည်ထောင်စု အဆင့် ဌာန အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၂၄၇၈၃၃၄ သန်း၊ ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွယ်ထားသည့် လုပ်ငန်း အသုံးစရိတ် ကျပ် ၂၄၉၉၄၃ သန်း ခွင့်ပြုပေးပါရန်နှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဌာန အဖွဲ့အစည်းများ၏ ထပ်မံလိုအပ်သည့် ကျပ် ၁၅၃၄၄ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့နိုင်ရေး ခွင့်ပြုပေးပါရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဇလွန် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲေ၀ သုံးစွဲရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ အမှန် သုံးစွဲငွေ (Revised Estimated Budget) အရ ဖြည့်စွက် တောင်းခံငွေများအပေါ် စိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က ကျပ် ၆၆ ဘီလျံကျော် ( ကျပ် ၆၆၄၀၂ ဒသမ ၄၈၃ သန်း) လျှော့ချရန် အဆိုပြုချက်ကိုလည်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါရန် ကိုလည်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌက တင်ပြခဲ့သည်။

အဆိုပါ တင်ပြချက်များအား ဆွေးနွေး အကြံပြုလိုသည့်၊ သို့မဟုတ် ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက လာမည့် သောကြာနေ့ ညနေ နောက်ဆုံးထားပြီး အမည်စာရင်း ပေးကြရန် ပြည်ထောင်စု လွှတ်တော် နာယကက မှာကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.