Connect with us

Science & Technology

မြန်မာ့ မီးရထား စက်ခေါင်းများ ပြုပြင်ရန် ဂျာမနီနိုင်ငံ KfW ဘဏ်မှ ယူရို ငါးသန်း ချေးယူမည်

မြန်မာ့မီးရထားမှ ပြေးဆွဲနေသော လူစီးရထားများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ့ မီးရထား ဒီဇယ် စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် ဂျာမနီ နိုင်ငံ KfW Development Bank ထံမှ ယူရို ငါးသန်း ချေးယူမည့် ကိစ္စနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

“၁၉၈၀ မတိုင်ခင်ကတည်းက ဂျာမနီနိုင်ငံမှ ဒီဇယ် ဟိုက်ဒရောလစ် စက်ခေါင်းတွေကို သုံးခဲ့ပါတယ်၊ နောက်ဆုံး အသုတ် စက်ခေါင်း ၁၇ လုံးဟာ ၁၉၈၇ – ၈၈ မှာ ဝယ်ခဲ့လို့ အခုဆိုရင် သက်တမ်း ၂၉ နှစ် ထဲ ရောက်နေပါပြီ၊ အဲဒီ ၁၇ လုံးထဲက လေးလုံးဟာ လုံး၀ ရပ်ဆိုင်းသွားပါတယ်၊ အဲဒီ စက်ခေါင်းတွေကို ပြန်ပြုပြင်ဖို့၊ ခုနစ်လုံးကိုတော့ စွမ်းအားမြင့် စက်ခေါင်း (special re-powerment) ရအောင် လုပ်ပါမယ်၊ နောက်တစ်ခုက သက်တမ်း အနှစ် လေးဆယ်လောက်ရှိပြီ ဖြစ်တဲ့ စက်ခေါင်း ဘီးခုတ်စက် ကို အကြီးစား ပြင်ဆင်ဖို့နဲ့ ရထားတွဲက ဘီးကို ဖြုတ်လာပြီး တစ်ဘီးချင်း ဖြုတ်စားနိုင်တဲ့ ဘီးခုတ်စက်ကို ဝယ်ယူ တပ်ဆင်ဖို့၊ နောက်ပြီး ရွာထောင် ရထား စက်မှု သင်တန်းကျောင်းအတွက် သင်ထောက်ကူ ပစ္စည်းတွေ ဝယ်ယူ တပ်ဆင်ဖို့ စီစဉ်ထားပါတယ်၊ ” ဟု ၎င်းက ပြောခဲ့သည်။

ချေးငွေ ရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်၊ စုစုပေါင်း ချေးငွေ သက်တမ်း ၄၀ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် မန္တလေး – မြစ်ကြီးနား ရထား လမ်းပိုင်း၌ ပြေးဆွဲနေသည့် လော်ကယ်ရထားများတွင် အသုံးပြုနေသည့် ဂျာမနီနိုင်ငံထုတ် စက်ခေါင်းများ စွမ်းအားမြင့်လာပြီး ပြည်သူတို့အတွက် အချိန်မှန် စိတ်ချ အားထားရသော လော်ကယ်ရထားများ တိုးတက် ပြေးဆွဲလာ နိုင်စေခြင်း၊ စက်ခေါင်း အလုံးလိုက် တင်၍ ဘီးခုတ်နိုင်သည့် လက်ရှိ ဘီးခုတ်စက်အား အကြီးစား မွမ်းမံ ပြင်ဆင်နိုင်ကာ စက်ခေါင်းများ ဘီးတာယာ ခုတ်စားမှု ပိုမို လျင်မြန် ထိရောက်ပြီး မတော်တဆ မှုများကို ကြိုတင်ကာကွယ်နိုင်ကာ လမ်းခရီး လုံခြုံ စိတ်ချရမှု တိုးမြင့်လာစေခြင်း၊ ဘီးခုတ်စက် အသစ် တိုးချဲ့တပ်ဆင်ခြင်းဖြင့် လူစီးတွဲနှင့် ကုန်တွဲများ အကြီးစား ပြင်ဆင်ရာတွင် အရည်အသွေးမီ ဆောင်ရွက်နိုင်ခြင်း၊ ရထား စက်မှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်ခြင်းဖြင့် စက်ခေါင်း ပြုပြင် မွမ်းမံမှု ခေတ်မီ နည်းစနစ်များကို စနစ်တကျ စာတွေ့လက်တွေ့သင်ကြားပေးနိုင်ပြီး ကျွမ်းကျင်မှုနှင့် အရည်အသွေး မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေခြင်း ဟူသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ခြင်းကြောင့် KfW Development Bank မှ ယူရို ငါးသန်း ချေးယူမည့် ကိစ္စကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးပါရန် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော စာတွင် ဖော်ပြ ပါရှိသည်။

ထိုချေးငွေနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လည်း “ပြည်ပချေးငွေ ရယူရာမှာ သက်သာသော ချေးငွေ professional loan ဟုတ် မဟုတ် ကမ္ဘာ့ ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့က အသိအမှတ်ပြုထားတဲ့ အနိမ့်ဆုံး ရှိရမည်ထက် ပိုမို သက်သာသည့် ချေးငွေ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်၊ ၂၀၁၆ ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံ တော်၏ ပြည်ပ ကြွေးမြီ လက်ကျန် အခြေအနေမှာ ကျပ် ၁၀၆၅၃ ဒသမ ၀၀၇ ဘီလီယံ ရှိပြီး ပြည်ပ ကြွေးမြီနှင့် GDP အချိုးမှာ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း တင်ပြအပ်ပါတယ်၊ သို့ပါ၍ KfW Development Bank မှ ယူရို ငါးသန်း ချေးယူမည့် ကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီး ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်သို့ပြောခဲ့သည်။

အဆိုပါ ချေးငွေနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော် ရုံးသို့အမည်စာရင်း တင်သွင်း ကြရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆောင်ရွက်သွားမည်ဟု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.