Social
ကျိုက်ထီးရိုးစေတီတော်၌ အခမဲ့တည်းခိုနိုင်သော နေရာများနှင့် တည်းခိုခန်းခ နှုန်းထားများ ပြောင်းလဲ သတ်မှတ်မှုအား ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အတွင်း အခမဲ့တည်းခိုနိုင်သော နေရာများနှင့် တည်းခိုခန်းခ နှုန်းထားများ ပြောင်းလဲသတ်မှတ်မှုများအား တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ဘုရားအတွင်း အခမဲ့တည်းခိုနိုင်သော တိဿဓမ္မရုံ၊ ဆီမီး ၉၀၀၀ ဓမ္မရုံ၊ ပြည့်စုံ(ရင်ပြင်တော်)၊ ပြည်စုံ(မုဆိုးတောင်)နှင့် သုံးထပ်ဓမ္မရုံစသည့် နေရာငါးနေရာကို တရားဝင်သတ်မှတ်ထားကြောင်း စေတီတော်ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
၂၀၁၆-၂၀၁၇ ခုနှစ် ကျိုက်ထီးရိုးစေတီတော်၏ ဘုရားပွဲရာသီ၌ တည်းခိုခန်းခများကို သုံးထပ်ဓမ္မရုံ(ဒုတိယထပ်) တည်းခိုဆောင်တွင် အခန်းတစ်ခန်းလျှင် ကျပ် ၁၀၀၀၀၊ ပေ ၄၀ ဓမ္မရုံ တည်းခိုဆောင်တွင် အခန်းတစ်ခန်းလျှင် ၅၀၀၀ကျပ်၊ သုံးထပ်ဓမ္မရုံတွင် အခန်းတစ်ခန်းလျှင် ကျပ် ၅၀၀၀၊ ဂေါပကဓမ္မရုံတွင် တစ်ခန်းလျှင် ၁၀၀၀၀မှ ၁၅၀၀၀ကျပ်၊ ကြူကြူဝင်းတည်းခိုဆောင်တွင် တစ်ခန်းလျှင် ကျပ် ၅၀၀၀၊ ဝင်းတည်းခိုဆောင်တွင် တစ်ခန်းလျှင် ၅၀၀၀နှင့် ပွင့်ထူးတည်းခိုဆောင်တွင် တစ်ခန်းလျှင် ၅၀၀၀နှုန်းဖြင့် ဌားရမ်းတည်းခိုနိုင်ရန် တရားဝင် သတ်မှတ်လိုက်သည်။
သီတင်းကျွတ် လပြည့်နေ့မှစ၍ တောင်ခြေကင်မွန်း စခန်းမှ ဘုရားရင်ပြင်အထိ နောက်ခန်း ကားခနှုန်းထားကို ကျပ် ၂၅၀၀ မှ ကျပ် ၂၀၀၀ သို့ လျှော့ချခဲ့သည်။
ယခင်ကျိုက်ထီးရိုး တောင်တက်ကားခနှုန်းထားကို ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်း စခန်းမှ ရသေ့တောင်အထိ ရှေ့ ခန်းတွင် ၂၅၀၀ ကျပ်၊ နောက် ခန်း ၁၅၀၀ ကျပ်နှင့် တောင်ခြေမှ ဘုရားရင်ပြင်အထိ ရှေ့ခန်း ၃၀၀၀ ကျပ်၊ နောက်ခန်း၂၅၀၀ ကျပ် သတ်မှတ်ခဲ့သည်။
ကျိုက်ထီးရိုးဘုရားပွဲတော် ရာသီဖြစ်သည့် သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ အထိ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည် တစ်ရက်လျှင် သိန်းချီ လာရောက်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။(Xinhua)