Connect with us

Latin America

အာဂျင်တီးနား နိုင်ငံ၌ ဘတ်စ်ကား တိမ်းမှောက်ကာ ၁၃ ဦး သေဆုံး

အာဂျင်တီးနား နိုင်ငံတွင် ယာဉ်တိမ်းမှောက်မှု တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဗျူရို အေးရိစ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အာဂျင်တီးနား နိုင်ငံ မြောက်ပိုင်းရှိ မြူဆိုင်းနေသော လမ်းတစ်လမ်းပေါ်တွင် ပင်စင်စားများအား တင်ဆောင် လာသော ဘတ်စ်ကား တစ်စီးသည် တိမ်းမှောက်မှု ဖြစ်ပွားကာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ သိရသည်။

ယာဉ်မတော်တဆမှုသည် ဇူလိုင် ၁ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ဝန်းကျင်တွင် နိုင်ငံ မြောက်ပိုင်း Tucuman ပြည်နယ် ၊ La Madrid မြို့အနီး အဝေးပြေးလမ်း အမှတ် ၁၅၇ နှင့် ၃၀၈ တို့လမ်းဆုံတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဘတ်စ်ကားသည် ဇွန် ၃၀ ရက် ညပိုင်းတွင် နိုင်ငံ အနောက်ပိုင်း Mendoza ပြည်နယ်မှ ရေပူစမ်းများ ရှိသည့် အတွက် လူသိများသော မြောက်ပိုင်း Termas de Rio Hondo မြို့သို့ထွက်ခွာ သွားခဲ့ကြောင်း Tucuman ပြည်နယ် La Gaceta သတင်းစာ၏ ဖော်ပြမှု အရ သိရသည်။

ထိခိုက် ဒဏ်ရာ ရရှိသူများအား လူနာတင်ယာဉ် အစီးရေ ၃၀ ကျော်ဖြင့် ဆေးရုံ အသီးသီးသို့ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများအား မီးသတ်သမားများက အုပ်စုများ ခွဲ၍ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၇,၂၇၄ ဦး သေဆုံးခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ၂၀ ဦးခန့်ရှိကြောင်း အာဂျင်တီးနား အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း ဖြစ်သည့် Luchemos por la Vida ထံမှ သိရသည်။(Xinhua)