Europe
Brexit သဘောတူညီချက်ကို ပြင်ဆင်ရန် ဗြိတိန်လွှတ်တော် တောင်းဆို
လန်ဒန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)
Brexit သဘောတူညီချက် ပြင်ဆင်ရေးမူ တစ်ခုကို ဗြိတိန်အောက်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် တွင် အတည်ပြုခဲ့ရာ ပြင်ဆင်ရေးမူသစ်ဖြင့် လက်ရှိ Brexit သဘောတူညီချက်ပါ အိုင်ယာလန် နယ်စပ်ရေးရာကို အစားထိုးနိုင်ရန် ဥရောပသမဂ္ဂနှင့်ညှိနှိုင်းဆွေးနွေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ်ကို တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါ Brexit သဘောတူညီချက် ပြင်ဆင်ရေးမူကို ဗြိတိန်အောက်လွှတ်တော်တွင် ဇန်နဝါရီ ၂၉ ရက်က အချေအတင်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၃၁၇ မဲ ကန့်ကွက်မဲ ၃၀၁ မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက လွှတ်တော်၏ယခုကဲ့သို့မဲခွဲဆုံးဖြတ်ခြင်းက ၎င်းအား ဥရောပ သမဂ္ဂနှင့်ဆက်လက်ဆွေးနွေးညှိနှိုင်းခွင့် ပေးလိုက်ခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော် ထပ်မံဆွေးနွေးညှိနှိုင်းရေးမှာ လွယ်ကူသည့်ကိစ္စမဟုတ်သည်ကိုလည်း ဝန်ခံကြောင်း ထရီဇာမေက ဆိုသည်။
Brexit သဘောတူညီချက် ပြင်ဆင်ရေးမူကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် အချေအတင်ဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
Brexit သဘောတူညီချက် ပြင်ဆင်ရေးမူကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် အချေအတင်ဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
Brexit သဘောတူညီချက် ပြင်ဆင်ရေးမူကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် အချေအတင်ဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
Brexit သဘောတူညီချက် ပြင်ဆင်ရေးမူကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် အချေအတင်ဆွေးနွေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
လက်ရှိ အိုင်ယာလန်နယ်စပ်အရေးသည် Brexit သဘောတူညီချက်တွင် အငြင်းပွားမှုအရှိဆုံး ပြဿနာတစ်ခုဖြစ်သည်။ သဘောတူညီချက်အရ Brexit ကူးပြောင်းကာလတွင် ဗြိတိန်နှင့်ဥရောပသမဂ္ဂအကြား မြောက်အိုင်ယာလန်ဒေသ ကုန်သွယ်ရေးနှင့်ပတ်သတ်၍ ပိုမိုကောင်းမွန်သည့် နည်းလမ်းတစ်ခုကို ဆွေးနွေးညှိနှိုင်းနိုင်ခြင်းမရှိပါက ကူးပြောင်းကာလအပြီးတွင် အရံပြင်ဆင်မှု(Backup arrangement)အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ စောင့်ကြည့်ဝေဖန်သူအချို့က အရံပြင်ဆင်မှု(Backup arrangement)ကြောင့် မြောက်အိုင်ယာလန် ဒေသသည် ဥရောပသမဂ္ဂ ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများ၏ ထိန်းချုပ်မှုကိုခံရကာ ဥရောပ သမဂ္ဂတွင် သောင်တင်နေမည်ကို စိုးရိမ်လျက်ရှိသည်။
ဥရောပသမဂ္ဂက Brexitနှင့်စပ်လျဉ်း၍ ဗြိတိန်နှင့်ဆွေးနွေးညှိနှိုင်းမှုသစ်များ ပြုလုပ်သွားမည် မဟုတ် ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂနှင့် ညှိနှိုင်းထားသည့် ယခင် Brexit သဘောတူညီချက်ကို ဗြိတိန်လွှတ်တော်က ယခုလ ၁၅ ရက်တွင် ပယ်ချခဲ့သည်။ လွှတ်တော်၏အစီအစဉ်အရ ဥရောပသမဂ္ဂနှင့်ထပ်မံညှိနှိုင်းထားသည့် Brexitသဘောတူညီချက်ကို ဖေဖော်ဝါရီ လလယ်ပိုင်းတွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ ညှိနှိုင်းမှုမအောင်မြင်ပါက ဗြိတိန်လွှတ်တော်သည် နောက်ထပ်ဆောင်ရွက်ရမည့် အစီအစဉ် ကို မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ယခင်သဘောတူညီချက်အရ ဗြိတိန်သည် ဥရောပသမဂ္ဂမှ မတ်လ ၂၉ ရက်တွင် တရားဝင် နုတ်ထွက် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)