Africa & Middle East
အာဖဂန်နစ္စတန် အနောက်ပိုင်း တိုက်ခိုက်မှုတွင် နိုင်ငံခြားသား ခရီးသွား ၁၀ ဦး သေဆုံး
ဟဲရတ်၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ်တွင် သြဂုတ်လ ၄ ရက်က ချုံခိုတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပြည်ပ ခရီးသွားဧည့်သည် ၁၀ ဦး သေဆုံးပြီး အခြားလူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
“သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ချစ်ရှ်ထီ ရှာရစ်ဖ် ခရိုင်ရှိ အဓိက လမ်းမကြီးပေါ်မှာ နိုင်ငံခြားသား ဧည့်သည် များကို တင်ဆောင်လာတဲ့ မီနီဘတ်စ် နှစ်စီးကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့တယ်၊ လူ ၁၀ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဖာဟတ် ခါဒီမီက ဆင်ဟွာသို့ ပြောသည်။
သေဆုံးသူများသည် မည်သည့်နိုင်ငံသားများ ဖြစ်ကြောင်း အသေးစိတ် မသိရသေးပေ။
အဆိုပါ ဘတ်စ်ကား နှစ်စီးသည် ဘမ်ယန်ပြည်နယ်မှ ဟဲရတ်ပြည်နယ်ရှိ ဟဲရတ်မြို့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
“မတော်တဆမှု ဖြစ်ပြီးနောက် ခရီးသွား အများအပြားကို လုံခြုံရေးတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်၊ တိုက်ခိုက်မှု ကိုလဲ စုံစမ်းစစ်ဆေးနေပြီ” ဟု ခါဒီမီက ဖြည့်စွက် ပြောကြားခဲ့သည်။
ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ (Xinhua)