Local
အထည်ချုပ် သွင်းကုန်လိုင်စင်များ Fully Online စနစ်ဖြင့် လျှောက်ထားနိုင်ပြီ
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အထည်ချုပ် သွင်းကုန်လိုင်စင်များ Fully Online (အပြည့်အဝအွန်လိုင်း) စနစ်ဖြင့်လျှောက်ထားထုတ်ယူနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အင်တာနက်ရရှိသည့်မည်သည့်နေရာတွင်မဆို ပို့ကုန်သွင်းကုန်လိုင်စင်များကို လျှောက်ထားနိုင်သည့် Fully Online Licensing (အပြည့်အဝအွန်လိုင်း) စနစ်ကို ၂၀၁၆ ဇွန်လ(၇) ရက် မှစတင်အသုံးပြုလျှောက်ထားနိုင်ရေးဝန်ဆောင်မှုပေးခဲ့ပြီး သတ်မှတ်ကုန်စည်လိုင်းအချို့ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ကုန်စည်လိုင်းများထပ်မံတိုးချဲ့ထုတ်ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ (၂၃-၁-၂၀၁၇)ရက်နေ့မှစတင်ပြီး CMP(အထည်ချုပ်)သွင်းကုန်လိုင်စင်များအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များ အသင်း(MGMA) ၏ထောက်ခံပေးချက်စနစ် နှင့် အွန်လိုင်းမှ ချိတ်ဆက်၍ လိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
သက်ဆိုင်ရာ CMP စက်ရုံများမှ CMP(အထည်ချုပ်) အသင်းသို့အချက်အလက်တင်ပြ အစစ်ဆေးခံမှု ၊ အသင်းမှစိစစ်ထောက်ခံမှု ၊ကုန်သွယ်ရေးဦးစီးဌာနမှ လိုင်စင်စစ်ဆေးထုတ်ပေးမှု၊ ငွေပေးသွင်းမှု လုပ်ငန်းစဉ်တစ်ခုလုံးအား အွန်လိုင်းစနစ်ဖြင့်စတင်ဆောင်ရွက်နိုင်ပြီဖြစ်ပြီး သက်ဆိုင်ရာအသင်း နှင့်ပို့သွင်းရုံးများသို့သွားရောက်ရန်မလိုဘဲ မိမိစက်ရုံ ရုံးခန်းမှလျှောက်ထားထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
စမ်းသပ်ကာလအဖြစ် CMP(အထည်ချုပ်) စက်ရုံ(၁၀)ခုဖြင့်စတင်ခွင့်ပြုဆောင်ရွက်နေပြီး ကျန်စက်ရုံများအားလုံးကိုပါခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)