Connect with us

Economy

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် အာဆီယံအစည်းအဝေးများနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကို တက်ရောက်၍ မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် အာဆီယံအစည်းအဝေး တက်ရောက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်သည် (၂၅) ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များအစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (10+3) ခေါင်းဆောင်များအစည်းအဝေးနှင့် (၁၇) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယနေ့ နိုဝင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။လီခဲ့ချန်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို အဆိုပြုခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ-

၁။ တရုတ်နှင့် အာဆီယံသည် အေးအတူပူအမျှနေထိုင်ကြပြီး အကောင်းအဆိုးများကို အတူမျှဝေကြသော ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်များ ဖြစ်ကြသည်။ အဖွဲ့ရွေးချယ်ရပ်တည်ခြင်းသည် မိမိတို့၏ရွေးချယ်မှု မဟုတ်သင့်ပါ။ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုသည်သာ ဘုံစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် မဖြစ်မနေလျှောက်လှမ်းရမည့်လမ်းကြောင်း ဖြစ်ကြောင်း၊

၂၅ ကြိမ်မြောက် အာဆီယံ+၃ အစည်းအဝေးတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့စဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

၂။ ကပ်ရောဂါဖြစ်ပွားသည့် ၃ နှစ်နီးပါးအတွင်း တရုတ်-အာဆီယံကုန်သွယ်မှုသည် တိုးတက်မှုရှိခဲ့ပြီး ယခုအခါတွင် အချင်းချင်း၏ အကြီးဆုံးကုန်သွယ်ဖက်များ ဖြစ်လာခဲ့သည်။ တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်း ဆွေးနွေးမှု တရားဝင်စတင်ခြင်းကို အခွင့်အလမ်းအဖြစ် မှတ်ယူ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရည်အသွေးနှင့် အရည်အချင်းကို မြှင့်တင်ရမည်။ ဂိတ်ဖြတ်သန်းရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး နယ်စပ်နှင့် နယ်စပ်ဂိတ်များကို “တတ်နိုင်သမျှ ဖွင့်လှစ်ထားခြင်း” ရှိစေရမည်ဖြစ်ကြောင်း၊

၃။ ဒေသတွင်း စီးပွားရေးအသိုက်အဝန်း လုပ်ငန်းစဉ်ကို ထိန်းသိမ်းထားရမည်။ “ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” (RCEP) အပြည့်အဝ အသက်ဝင်ရေးနှင့် အကောင်အထည်ဖော်ရေးကို မြှင့်တင်ပြီး သဘောတူစာချုပ်၏ အကျိုးအမြတ်များကို ပိုမိုဖော်ထုတ်ရမည်။ RCEP အတွင်းရေးမှူးအဖွဲ့ကို အမြန်ဆုံးထူထောင်ရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ၊

၂၅ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေးတွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးမှုအားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

၄။ စက်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ထိန်းသိမ်းရမည်။ ပွင့်လင်းပြီး ပေါင်းစည်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လက်ကိုင်စွဲပြီး ဒေသတွင်း၏ စက်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်တို့ကို တည်ငြိမ်ချောမွေ့စွာ ပိုမိုတိုးတက်ကောင်းမွန်စေရန် အဆင့်မြှင့်တင်ရမည်။ 10+3 အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဝန်ဆောင်မှုမဟာမိတ်အဖွဲ့ကို အမှီပြု၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၏ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ စွမ်းရည်များကို အားကောင်းလာစေရန် ကူညီပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရမည် ဖြစ်ကြောင်း၊

၅။ အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းထားပြီး အားလုံးပါဝင်သော ဒေသတွင်းဖွဲ့စည်းမှုကို တည်ဆောက်ရမည်။ အာဆီယံဦးဆောင်သော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖွဲ့စည်းမှုသည် အဖွဲ့အစည်းအသီးသီး၏ အကျိုးစီးပွားကို လက်ခံပြီး ဒေသတွင်း၏ လက်တွေ့အခြေအနေများနှင့် ကိုက်ညီပါသည်။ ဤဖွဲ့စည်းမှုကို အခြေအနေပြောင်းလဲမှုအလိုက် အဆက်မပြတ် တိုးတက်ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်နိုင်ပါသည်။ သို့သော် အခြေခံအုတ်မြစ်ဖြစ်သော အာဆီယံ၏ အချက်အချာကျမှုကို မယိမ်းယိုင်စေရကြောင်းနှင့်

၆။ မဟာဗျူဟာမြောက် ဆွေးနွေးမှုကို လက်ကိုင်စွဲပြီး အပြုသဘောဆောင်သော အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ဆောင်ရွက်ရမည်။ ခေါင်းဆောင်များ ဦးဆောင်သော မဟာဗျူဟာမြောက်ဖိုရမ်အနေဖြင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသည် တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ပလက်ဖောင်း ဖြစ်သင့်ပြီး ဒေသတွင်းနိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ရန်၊ အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ရန်၊ ကွဲပြားမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသင့်ပါသည်။ အချိတ်အဆက်ဖြတ်တောက်မှု မဖြစ်သင့်ရုံသာမက ထိပ်တိုက်ရင်ဆိုင်မှုသို့ ဦးတည်ခြင်းမျိုး ပို၍ပင်မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)