MYANMAR
COVID-19 ကာလအတွင်း ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်သည့် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ နိုင်ငံတော်က ကျခံလျက်ရှိဟု ဆို
နေပြည်တော်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
COVID-19 ကပ်ရောဂါ ကလအတွင်း အခြေခံ မိသားစုများအား ရိက္ခာနှင့် ငွေ ထောက်ပံ့မှုများ အပါ အဝင် ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်သည့် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံကို နိုင်ငံတော်က ကျခံ လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတ အိမ်တော်တွင် ယနေ့ ညနေပိုင်း၌ ပြုလုပ်ခဲ့သော ပုံမှန် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။
“ပြည်သူလူထုနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံ နိုင်ငံတော်က ကျခံလျက်ရှိပါတယ်၊ အိမ်ထောင်စု ၅ ဒသမ ၆ သန်းအား ကျပ်နှစ်သောင်း နှုန်း ထောက်ပံ့မယ့် အစီအစဉ်ကို မကြာခင်ကာလ အတွင်းမှာ တတိယ အကြိမ် အဖြစ် ဆောင်ရွက်သွား ပါမယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။
နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး ဖြေကြားနေစဉ် (ဆင်ဟွာ)
COVID-19 ကပ်ရောဂါ ကာလ၌ ပြည်သူလူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့ခဲ့ရာ သင်္ကြန်ရုံး ပိတ်ရက် ရှည်မှ စပြီး ရိက္ခာ ငါးမျိုးကို မိသားစု ၅ ဒသမ ၃ သန်းအတွက် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံ ကျခံခဲ့ကြောင်း၊ နောက်ပိုင်းတွင် မိသားစု ၅ ဒသမ ၄ သန်းအတွက် မိသားစု တစ်စုလျှင် ကျပ် နှစ်သောင်းစီဖြင့် နှစ်ကြိမ် ထောက်ပံ့ခဲ့ရာ ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလီယံ ရှိကြောင်း၊ နောက် ထပ် အိမ်ထောင်စုပေါင်း ၅ ဒသမ ၆သန်းအား တတိယ အကြိမ်အနေဖြင့် ထောက်ပံ့ပေး ဖို့ရှိကြောင်း၊ အိမ်ထောင်စု တစ်စုကို ကျပ် နှစ်သောင်းနှုန်းဖြင့် ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကျခံပြီး မကြာခင် ကာလမှာ ထောက်ပံ့ပေးဖို့ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးဘဏ်က ယခုကာလတွင် တောင်သူ လယ်သမားများ ဝင်ငွေရဖို့ အတွက် စပါးမျိုးစေ့ ထုတ် လုပ်ငန်း၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း၊ တောင်သူများအတွက် ငါးမျိုးများ၊ ငါးသားပေါက် များ ဖြန့်ဖြူးပေးခြင်း၊ ကုန်ထုတ်လမ်းနှင့် ကျေးရွာ အခြေခံ အဆောက်အအုံ လုပ်ငန်းများကို ဒေသခံ တောင်သူတွေကို ဆောက်ခိုင်းခြင်း၊ လယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ အတွက် ကျပ် ၉၂ ဒသမ ၆၁၂ ဘီလီ ယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက အသက် ၈၀ မှ ၈၄ နှစ်အကြား ရှိ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပရ ဟိတ ဂေဟာများ၊ ဘိုးဘွားရိပ်သာများ အား ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း များအား ထောက်ပံ့ ခြင်း၊ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများအတွက် စားသောက် ကုန် ငါးမျိုး ထောက်ပံ့ခြင်း၊ အဆိုပါ စခန်းများရှိ မူလတန်း ကျောင်းသူ ကျောင်းသားများ အား ကျောင်း ဝတ်စုံများ ထောက်ပံ့ခြင်း၊ မသန်စွမ်း သူများအား ထောက်ပံ့ခြင်း၊ အနာကြီးရောဂါသည် များအား ထောက်ပံ့ခြင်း၊ ပြည်တွင်းပြည်ပမှ လူကုန်ကူး ခံရသူများအား ထောက်ပံ့ခြင်း တို့အတွက် ကျပ် ၃၅ ဒသမ ၉၂၃ ဘီလီယံ ကျခံခဲ့ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဆေးရုံများ အဆင့် မြှင့်တင်ခြင်း၊ ဆေးပစ္စည်း၊ ဆေးကိရိယာ အကာအကွယ် ပစ္စည်း PPE များ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလီယံ ကျခံခဲ့ကြောင်း၊ လမ်းဘေးဈေးသည်များအား သက်သာသော နှုန်းထားဖြင့် ချေးငွေ ထုတ်ချေး ခြင်းအတွက် ကျပ် ဘီလီယံ ၁၀၀ ကျခံခဲ့ကြောင်း၊ အသေးစားချေးငွေ လုပ်ငန်းများမှ တစ်ဆင့် တစ်ပိုင်တစ်နိုင်ချေးသူများအတွက် ကျပ် ဘီလီယံ ၁၀၀ ကျခံခဲ့ကြောင်း၊ SME လုပ်ငန်းများအား ထုတ်ချေးခြင်း အတွက်ကျပ် ဘီလီယံ ၂၀၀ ကျခံခဲ့ကြောင်း၊ တောင်သူလယ်သမားများအား တစ်ဧက လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းအတွက် ကျပ် ဘီလီယံ ၆၀၀ ရှိကြောင်း၊ လျှပ်စစ် ဓာတ်အား ကင်းလွတ် သက်သာခွင့်ယူနစ် ၁၅၀ စီ ပေးခြင်း အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလီယံ ကျခံခဲ့ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ၌ တိုင်းဒေသကြီး အစိုးရ အစီ အစဉ်ဖြင့် တင်ဒါများ ခေါ်ယူပြီး လျှပ်စစ်မီးအတွက် ဂက်စ်တာဘိုင်များ လည်ပတ်ရခြင်းကြောင့် အစိုးရက ကျပ် ၁ ဒသမ ၅၁၈ ဘီလီယံ ထောက်ပံ့ခြင်း စသည်တို့ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)